ဆုတောင်းခြင်း၏အဓိပ္ပာယ်
“ဟေဗြဲဘာသာစကားတွင် ဆုတောင်းခြင်းနှင့်ပတ်သက်၍ အမြစ်ခံသည့်အဓိကစကားလုံးမှာ ‘တရားစီရင်ရန်’ စကားလုံးမှဖြစ်ပေါ်၍ စာသားအတိုင်းဆိုလျှင် ‘မိမိကိုယ်ကိုစီရင်ရန်’ ဟုအဓိပ္ပာယ်ရှိသည်။ The Authorised Daily Prayer Book ကထိုသို့ဆိုသည်။ ဆိုလိုသည်မှာ ဆုတောင်းခြင်း၏ကဏ္ဍတစ်ခုမှာ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ဖြောင့်မတ်သောစံချိန်များနှင့်လိုအပ်ချက်များကို မီမမီစစ်ဆေးကြည့်သင့်ကြောင်းဖြစ်သည်။
ဤအကြောင်းကြောင့် ကျမ်းစာတစ်အုပ်လုံးတွင် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေမှသာ သူ၏ဆုတောင်းချက်များကို ဘုရားသခင်လက်သင့်ခံနိုင်မည်ဖြစ်သည်ဟု နားလည်စေသည်။ “ထာဝရဘုရား [ယေဟောဝါ၊ NW] သည်မတရားသောသူတို့နှင့်ဝေးတော်မူ၏။ ဖြောင့်မတ်သောသူ၏ပတ္ထနာစကားကိုကား နားထောင်တော်မူ၏။”—သု၊ ၁၅:၂၉။ ၁ ယောဟန် ၅:၁၄။
ယေဟောဝါဘုရားသခင်ရှေ့မိမိကိုယ်ကိုစိစစ်ခြင်းသည် ဆုတောင်းသူအား နှိမ့်ချစွာနောင်တယူစေသင့်သည်။ ယင်းက ဝါကြွားသောဖာရိရှဲနှင့် ဆုတောင်းရန် ဗိမာန်တော်သို့ရောက်လာသော နောင်တယူသူ အခွန်ခံအကြောင်း ယေရှု၏ပုံဥပမာကို အဓိပ္ပာယ်ပိုလေးနက်စေသည်။—လုကာ ၁၈:၉-၁၄။
သို့ဖြစ်၍ယေဟောဝါကိုကျေးဇူးတင်ရန်၊ ချီးမွမ်းရန်၊ ဆုပန်ရန်အတွက် ဆုတောင်းသည်ဖြစ်စေကာမူ ဆုတောင်းခြင်းသည် ကိုယ်ကိုယ်ကိုအမြဲစစ်ဆေးကြည့်ရန်အချိန်ဖြစ်သည်။ ဤနည်းဖြင့် ဆုတောင်းခြင်းသည် ကျွန်ုပ်တို့အား ယေဟောဝါနှင့်ပိုရင်းနှီးစေသည်။ ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကိုလည်း ပိုခိုင်မြဲစေသည်။