စာရှုသူများထံမှ မေးခွန်းလွှာ
▪ ပထမရာစုနှစ်ခရစ်ယာန်တို့သည် သူတို့အသက်တာ၌ ဤဆိုးယုတ်သောစနစ်ကြီး၏အဆုံး ရောက်လာမည်ဟု ယုံကြည်ခဲ့ကြသလော။
ပထမရာစုမှ ယေရှု၏နောက်တော်လိုက်များသည် အဆုံးရောက်လာမည့်အရေး အမှန်ပင် အထူးစိတ်စောခဲ့ကြသည်။ အချို့က အဆုံးရောက်လုပြီ၊ ခုချက်ချင်းရောက်လာမည်ဟုပင် ယူဆခဲ့ကြသည်ကို ကျွန်ုပ်တို့တွေ့ရပေမည်။ သူတို့အမြင် ပြုပြင်ရန်လိုအပ်ခဲ့သည်။ သို့သော်လည်း ထိုအချိန်က ခရစ်ယာန်များနှင့် ယခုခေတ်ခရစ်ယာန်များအနေဖြင့် ကြိုတင်ဟောထားသည့် အဆုံးကို နီးပြီဟုသဘောထားရမည်ဟူ၍ တကယ်ယုံကြည်၍ ထိုအတိုင်းနေ့စဉ်အသက်ရှင်သွားခြင်းသည် မကောင်းသောအမှုမဟုတ်ပေ။
မိမိရောက်ရှိခြင်း “ပုပ္ပနိမိတ်” နှင့်ပတ်သက်သော တပည့်တော်တို့၏မေးခွန်းကိုဖြေကြားရာတွင် ယေရှုက “သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့” ဟုသတိပေးတော်မူခဲ့သည်။ (မဿဲ ၂၄:၃၊ ၄၂) ဤသို့သောနိုးကြားမှုသည် သူတို့၏ပြုမူကျင့်ကြံမှုအပေါ် ဩဇာသက်ရောက်သင့်သည်။ အောက်ပါအတိုင်း ယေရှုထပ်လောင်းမိန့်တော်မူခဲ့၍ဖြစ်သည်။ “သင်တို့သည် ကိုယ်ကိုယ်ကို သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့်တွေ့ကြုံလိမ့်မည်။ . . . ထိုကြောင့် သင်တို့သည်ဖြစ်လတံ့သောအမှုအရာတို့နှင့်ကင်းလွတ်၍ လူသားထံသို့ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း အစဉ်ဆုတောင်းလျက် စောင့်နေကြလော့။”—လုကာ ၂၁:၃၄-၃၆။
“ပုပ္ပနိမိတ်” တွင်ပါဝင်သည့် ဖြစ်ရပ်များအကြောင်း မိန့်ကြားပြီးနောက် အထက်ပါသြဝါဒစကားပေးတော်မူခဲ့သည်ကို မှတ်သားပါ။ ထိုကြောင့် အဆုံးမရောက်လာမီ သမိုင်းတွင်ရမည့်ဖြစ်ရပ်အချို့ကို တမန်တော်များ ဝီရိယနှင့်စောင့်ခဲ့ကြသည်။ သို့သော်လည်း ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက် သူတို့က ရှင်ပြန်ထမြောက်သောယေရှုအား “သခင်ဘုရား၊ ယခုအခါကိုယ်တော်သည် ဣသရေလအမျိုးတို့အား နိုင်ငံကိုပြုပေးတော်မူမည်လော” ဟုမေးလျှောက်ကြသည်။ ကိုယ်တော်က “ခမည်းတော်၏တန်ခိုးအားဖြင့် စီရင်တော်မူသောအချိန်ကာလကို သိရသောအခွင့်သည် သင်တို့၌မရှိ” ဟုဖြေကြားတော်မူ၏။—တမန်တော် ၁:၆၊ ၇။
ယေရှု၏အရင်းနှီးဆုံးတပည့်တော်တို့သည် အဆုံးအမြန်ရောက်လာမည့်အရေး အထူးစိတ်စောခဲ့ကြသဖြင့် အဆုံးမတိုင်မီ မိမိရောက်ရှိချိန်အတွင်းထင်းရှားမည့် မျက်မြင်သာဓကများအကြောင်း မကြာမီက ယေရှုမိန့်တော်မူခဲ့သည်ကိုပင် လျစ်လျူရှုခဲ့ကြသည်။
သက်သာလောနိတ်မြို့သား ခရစ်ယာန်များထံပေးပို့သောတမန်တော်ပေါလု၏စာတွင် သူတို့စိတ်စောခဲ့သည့် သာဓကနောက်တစ်ခုကို တွေ့ရသည်။ စီအီး ၅၀ ခုနှစ်ခန့်တွင် သူအောက်ပါအတိုင်းရေးသားခဲ့သည်။ “ညီအစ်ကိုတို့ ကပ်ကာလအချိန်များကို သင်တို့အားရေး၍ပေးလိုက်စရာအကြောင်းမရှိ။ အဘယ်ကြောင့်နည်းဟူမူကား သူခိုးသည် ညအခါလာသကဲ့သို့ ယေဟောဝါ၏နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ၏။ သို့ဖြစ်၍ အခြားသောသူတို့သည် အိပ်ပျော်သကဲ့သို့ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။” (၁ သက်သာလောနိတ် ၅:၁၊ ၂၊ ၆) ထိုဝိညာဉ်တော်ဘိသိက်ခံ ခရစ်ယာန်များအနက် အချို့က ယေရှုရောက်ရှိခြင်း (နှင့်လူဆိုးတို့ကို သုတ်သင်မည့်ယေဟောဝါ၏နေ့ရက်) သည် သူတို့အချိန်၌ ရုတ်တရက်ရောက်လာမည်ဟုပင် အဓိပ္ပာယ်ကောက်ယူခဲ့ကြသည်။
သို့သော် ထိုသို့မဟုတ်ပါ။ အမှန်ဆိုရလျှင် ဒုတိယစာစောင်၌ သူတို့အားပေါလုအောက်ပါအတိုင်းရေးသားခဲ့သည်။ “ငါတို့သခင်ယေရှုခရစ်ကြွလာတော်မူ၍ ငါတို့သည်အထံတော်၌ စည်းဝေးခြင်းအရာမှာ ယေဟောဝါ၏နေ့ရက်သည် ချက်ချင်းရောက်မည်ဟူ၍ စိတ်ဝိညာဉ်အားဖြင့်ဖြစ်စေ၊ နှုတ်ထွက်စကားအားဖြင့်ဖြစ်စေ၊ ငါတို့စာကဲ့သို့သောစာအားဖြင့်ဖြစ်စေ၊ သင်တို့သည် စိတ်ရွေ့လျော့ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း၊ အလျင်တဆောရှိမည်အကြောင်း ငါတို့သည် တောင်းပန်ကြ၏။ အဘယ်သူမျှ သင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်။ ထိုနေ့ရက်မရောက်မီ ဖောက်ပြန်သင်းခွဲခြင်းသည် အရင်ဖြစ်၍ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏သားသည် ပေါ်လာရလိမ့်မည်။”—၂ သက်သာလောနိတ် ၂:၁-၃။
ဤသို့ဆိုသဖြင့် သူတို့သည် ယေရှုရောက်ရှိခြင်းနှင့် ဤစနစ်ကုန်ဆုံးခြင်းကို အမှုမဲ့အမှတ်မဲ့ထားနိုင်သည်ဟုဆိုလိုခြင်းမဟုတ်ပါ။ တစ်နှစ်ပြီးတစ်နှစ်ကုန်လွန်လာခဲ့သည်နှင့်အမျှ “သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့” ဟူသောယေရှု၏သတိပေးချက်သည် ပို၍ပို၍ စူးရှထက်မြက်လာသည်။
သို့ဖြစ်သောကြောင့် သက်သာလောနိတ် ဒုတိယသြဝါဒစာရေးပြီး ငါးနှစ်ခန့်အကြာတွင် ဤသို့ပေါလုရေးသားခဲ့သည်။ “ထိုမှတစ်ပါး ငါတို့ကိုကယ်တင်သောကျေးဇူးတော်သည် ငါတို့ယုံကြည်သောနေ့ရက်၌နီးသည်ထက် ယခုသာ၍နီးသောကြောင့်လည်းကောင်း၊ ညအချိန်ကုန်လု၍ နေ့အချိန်ရောက်လုသောကြောင့်လည်းကောင်း . . . မှောင်မိုက်၏အကျင့်ကိုပယ်ရှား၍ အလင်း၏လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့။” (ရောမ ၁၃:၁၁၊ ၁၂) နောက်ထပ်ငါးနှစ်ကြာပြီးနောက် ပေါလုက ဟေဗြဲခရစ်ယာန်တို့အား အောက်ပါအတိုင်း ဩဝါဒပေးခဲ့သည်။ “ဘုရားသခင်၏အလိုတော်ကိုဆောင်ပြီးမှ ကတိတော်အတိုင်း အကျိုးကိုရမည်အကြောင်း သည်းခံခြင်းစိတ်ရှိရမည်။ အဘယ်ကြောင့်နည်းဟူမူကား၊ ‘ကြွလာလတံ့သောသူသည် မဆိုင်းမလင့်ဘဲ မကြာမမြင့်မီ ရောက်တော်မူလိမ့်မည်။’” (ဟေဗြဲ ၁၀:၃၆၊ ၃၇) ထိုနောက် ဗျာဒိတ်ကျမ်းမှ ဒုတိယနောက်ဆုံးအခန်းငယ်တွင် တမန်တော်ယောဟန်က “ငါသည် အလျင်အမြန်လာမည်မှန်ပေ၏ဟု ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်၊ သခင်ယေရှုကြွလာတော်မူပါ” ဟုရေးသားခဲ့သည်။—ဗျာဒိတ် ၂၂:၂၀။
ထိုအချိန်ကခရစ်ယာန်တစ်ဦးအနေဖြင့် သူ့အသက်တာတွင် အဆုံးရောက်လာမည်ဟုယူဆခြင်းသည် အကျိုးအကြောင်းမညီသောအရာမဟုတ်သည်မှာ ယုံမှားဖွယ်မရှိပေ။ မတော်တဆကြောင့်သော်လည်းကောင်း၊ သဘာဝအတိုင်းသော်လည်းကောင်း အဆုံးမတိုင်မီ သူသေဆုံးခဲ့ရလျှင်လည်း သူသည်ယေရှုနှင့်မှုတ်သွင်းခံကျမ်းစောင်တို့နှိုးဆော်သည့်အတိုင်း ခိုင်လုံသောအရေးပေါ်အသိစိတ်နှင့် အသက်ရှင်ခဲ့ပေမည်။
ဤအရာအားလုံးသည် ဤနောက်ဆုံးအချိန်ပိုင်းတွင် အသက်ရှင်နေကြသော ကျွန်ုပ်တို့နှင့်ပို၍ပင်သက်ဆိုင်သည်။ ပေါလု၏စကားကိုစကားပြေအဖြစ် ပြန်၍ရေးကြည့်လျှင် ‘ငါတို့၏ကယ်တင်ခြင်းသည် ကနဦးခရစ်ယာန်များ ယုံကြည်သူများဖြစ်လာချိန်ထက်လည်းကောင်း၊ ငါတို့ကိုယ်တိုင်ယုံကြည်သူများဖြစ်လာချိန်ထက်လည်းကောင်း ယခုပို၍နီးကပ်လာပြီ။ ညအချိန်ကုန်လုပြီ။ နေ့အချိန်မုချရောက်တော့မည်’ အကြောင်း ကျွန်ုပ်တို့ ငြင်းကွယ်၍မရနိုင်ပေ။
ဤအစီအစဉ်စနစ်ဆုံးခန်းချိန်တွင် ကျွန်ုပ်တို့ရောက်ရှိနေသည့် မျက်မြင်သာဓကများ တောင်ပုံရာပုံကို ပထမကမ္ဘာစစ်မှအစပြု၍ သမိုင်းတွင်အထင်အရှားတွေ့နေရသည်။ အဆုံးဘယ်တော့ရောက်မည်ဟူ၍ တစ်ချိန်လုံးမှန်းဆနေမည့်အစား ကျွန်ုပ်တို့၏အသက်နှင့် အခြားသူများစွာတို့၏အသက်ကို ကယ်တင်နိုင်သည့် သတင်းကောင်းဟောပြောခြင်းလုပ်ငန်းဖြင့် အချိန်ကုန်လွန်စေသင့်သည်။—၁ တိမောသေ ၄:၁၆။
ကျွန်ုပ်တို့ခေတ်၌ ဤဟောပြောခြင်းလုပ်ငန်း ပြီးစီးမည်ကို မျှော်လင့်စရာအကြောင်းများစွာရှိသည်။ လသစ်မကူးမီ၊ နှစ်သစ်မကူးမီ၊ ဆယ်စုနှစ်သစ်မကူးမီ၊ ရာစုနှစ်သစ်မကူးမီ ပြီးစီးမည်ဟုဆိုလိုသလော။ အဘယ်လူသားမျှ မသိပေ။ ‘ကောင်းကင်တမန်ပင်’ မသိဟု ယေရှုမိန့်တော်မူခဲ့၍ဖြစ်သည်။ (မဿဲ ၂၄:၃၆) ထို့ပြင် ကျွန်ုပ်တို့အာရုံစိုက်လုပ်ဆောင်ရန် သခင်ဘုရားမိန့်မှာတော်မူသည့်လုပ်ငန်းတော်ကို ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ထိုအချိန်ကိုသိစရာမလိုပေ။ အရေးအကြီးဆုံးအရာမှာ ဘုရားသခင့်အလိုတော်နှင့် အမှုတော်ပြီးစီးခြင်း၊ ထိုလုပ်ငန်းတော်တွင် အပြည့်အဝပါဝင်ခြင်းဖြစ်သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် “ဖြစ်လတံ့သော ထိုအမှုအရာအလုံးစုံနှင့်ကင်းလွတ်၍ လူသား၏ရှေ့တော်၌ ရပ်နေနိုင်ခွင့်ရကြ” ကောင်းရကြမည်။—လုကာ ၂၁:၃၆၊ သမ္မ။