နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
သူတို့ပြောင်းလဲရန်အကြောင်း တွေ့ရှိ
ရာဇဝတ်မှုကျူးလွန်သူများသာမက ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များပင် သူတို့၏အကျင့်ကိုပြောင်းလဲနိုင်ပါသလော။ ထိုသို့ပြောင်းလဲရန် အဘယ်အရာကအကူအညီပေးနိုင်သနည်း။ တာရှုမြို့သား ရှောလုအဖြစ်ကိုကြည့်လျှင် ရုတ်တရက်ထူးထူးခြားခြားပြောင်းလဲခြင်းများဖြစ်ပေါ်နိုင်ကြောင်း တွေ့ရသည်။ ရှောလုသည် ခရစ်ယာန်များအား နှိပ်စက်သူအဖြစ်မှ ကိုယ်တိုင်ခရစ်ယာန်အဖြစ်ပြောင်းလဲခဲ့သည်။ ၄င်းနောက် တမန်တော်ပေါလုအဖြစ် ကျော်ကြားလာသည်။ (ဂလာတိ ၁:၁၃၊ ၁၄။ ၁ တိမောသေ ၁:၁၃) အလားတူ ရုတ်တရက်ထူးခြားစွာပြောင်းလဲမှုများအကြောင်း ကင်ညာနိုင်ငံမှသတင်းရရှိသည်။
▫ လူရွယ်တစ်ဦးသည် နိုင်ရိုဘီနယ်တစ်ဝိုက်တွင် ကျက်စားသော ရာဇဝတ်ဂိုဏ်းဝင်တစ်ဦးဖြစ်ပြီး၊ ကင်ညာနိုင်ငံအနောက်ပိုင်းဒေသတွင် ဘဏ်ဓားပြတိုက်ရန်အခြေအနေထောက်လှမ်းဖို့ စေလွှတ်ခံရသည်။ အဖိုးအိုတစ်ဦးအိမ်တွင်တည်းခိုရာ၌ Awake! မဂ္ဂဇင်းဟောင်းတစ်ထပ်ကြီးတွေ့ခဲ့သည်။ ထိုမဂ္ဂဇင်းများကိုအထူးစိတ်ဝင်တစားဖတ်ရှုနေသဖြင့် ဘဏ်ဓားပြတိုက်ရန်အစီအစဉ်ကိုပင် မေ့နေခဲ့သည်။ အားလုံးဖတ်ပြီးသွားသောအခါ နောက်ထပ်ရှိသေးလားမေးရာ အဖိုးအိုက စာတိုက်မှနှစ်ပတ်လျှင်တစ်စောင်ကျ ရောက်လာမည်ဖြစ်ကြောင်း ပြောပြသည်။ ထိုအချိန်မှစ၍ လူငယ်က အိမ်ရှင်အဖိုးကြီးအား နေ့တိုင်းစာတိုက်တွင်သွားကြည့်ပေးရန် တောင်းပန်သည်။ ထိုအတောအတွင်း မကောင်းသောလမ်းကိုစွန့်၍ မဂ္ဂဇင်းမှသိရှိလာသည့်အတိုင်းလိုက်ရန်၊ ယေဟောဝါသက်သေဖြစ်ရန်၊ ဆုံးဖြတ်လိုက်သည်။ မိမိယေဟောဝါသက်သေဖြစ်ကြောင်း အိမ်နီးချင်းတို့ကိုပင်စ၍ပြောပြလာသည်။ နောက်ပိုင်းတွင် ထိုရပ်ကွက်၌ အထူးရှေ့ဆောင်တစ်ဦးဟောပြောနေစဉ် ၄င်းလူရွယ်က သက်သေခံဖြစ်သည်ဟုပြောသံကြားရသဖြင့် အံ့သြမိသည်။ သူနှင့်ကျမ်းစာသင်အံမှုစ၍ ပါရမီရင့်ကျက်လာကာ ယနေ့မှန်မှန်ရှေ့ဆောင်ဖြစ်နေသည်။ တိကျမှန်ကန်သော သမ္မာကျမ်းစာအသိပညာက သူ့အားပြောင်းလဲရန်အကြောင်းဖြစ်ပေါ်စေခဲ့သည်။
▫ အာဂျင်တီးနားနိုင်ငံမှ အမျိုးသားတစ်ဦးကလည်း သူ၏ကြမ်းကြုတ်သောအသက်တာလမ်းစဉ်ကိုပြောင်းလဲရန် အကြောင်းတွေ့ရှိခဲ့သည်။ သက်သေခံဖြစ်သော ဇနီးအား အနှစ် ၂၀ ကြာ၊ မညှာမတာဆက်ဆံခဲ့သည်။ သူ့ကြက်ကိုခိုးသူအားသတ်၍ မြှပ်ရန်အကြံနှင့် ခြံဝင်း၌တွင်းတစ်တွင်းတူးကာ လက်ဝါးကပ်တိုင်စိုက်ထားသည်ဟုပင်ဆိုကြသည်။ သူ၏ယုတ်ညံ့သောအကျင့်ကြောင့် အိမ်နီးနားချင်းအားလုံး သူ့ကိုရှောင်ဖယ်ကြသည်။
သူ့ဆီကို တိုက်နယ်ကြီးကြပ်မှူး အလည်သွားသည်။ ကျမ်းစာသင်အံရန် ကမ်းလှမ်းရာ ဝမ်းမြောက်စွာလက်ခံမည်ဟုပြောသဖြင့် အံ့သြမိသည်။ ညီအစ်ကိုက ကမ္ဘာသားဘဝထာဝရစံစားကြ စာအုပ်နှင့် သင်အံမှုပြုလုပ်သည်။ ထိုသူသည် ကျမ်းစာအသိပညာနှင့် ဝိညာဉ်ရေးနားလည်မှုတွင် တိုးတက်လာသည်။ စည်းဝေးအားလုံးတက်နေသည်။ စည်းဝေးများ၌ ညီအစ်ကိုတို့နှင့်ပေါင်းသင်းခြင်းကို အထူးနှစ်သက်သဖြင့် “ကျွန်တော်နေချင်တာ ဒီလိုနေရာမျိုးဘဲ” ဟုပြောခဲ့သည်။
သူ့ပြောင်းလဲခြင်းသည် အလွန်ထူးခြားလှသဖြင့် အိမ်နီးချင်းတို့က သူ့ဇနီးအားဘယ်ဆရာဝန်နှင့်ကုသနေသနည်းဟုပင် မေးလာကြသည်။ ယေဟောဝါသက်သေတို့နှင့် ကျမ်းစာလေ့လာခြင်းကြောင့် ယခုလိုပြောင်းလဲလာခြင်းဖြစ်ကြောင်း ရှင်းပြသဖြင့် အိမ်နီးချင်းတစ်ဦးက အလွန်သဘောကျ၍ သူ့ကိုလည်းကျမ်းစာသင်ပေးရန်ပြောလာသည်။ အခြားတစ်ဦးက ကျွန်ုပ်တို့၏မဂ္ဂဇင်းတစ်မျိုးကို နှစ်စဉ်ကြေးယူလိုက်သည်။
တိကျမှန်ကန်သောသမ္မာကျမ်းစာအသိပညာက ထိုသူတို့အား အသက်တာလမ်းစဉ်ပြောင်းလဲရန်အကြောင်း ဖြစ်ပေါ်စေခဲ့သည်။ ယခုအချိန်၌ သာ၍အနှစ်သာရပြည့်ဝသောဘဝကိုလိုလား၍ ဘုရားသခင့်ကတိထားရာကမ္ဘာသစ်တွင် ထာဝရအသက်ရရန် မျှော်လင့်သူတို့ကို ဤအသိပညာက အကူအညီပေးနိုင်ပေသည်။—ယောဟန် ၁၇:၃။