အာဗြဟံဆိုင်ရာ—အမှန်တရားသိရှိရန် အရေးကြီးပုံ
အာဗြဟံ—ဒဏ္ဍာရီဆိုင်ရာသူရဲကောင်းလော။ မှန်သောပရောဖက်တစ်ပါးလော။ ဤမေးခွန်း၏အဖြေသည် မည်မျှအရေးကြီးသနည်း။ သမ္မာကျမ်းစာခုနှစ်သက္ကရာဇ်စဉ်အရ အာဗြဟံသည်လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ခန့်က အသက်ရှင်ခဲ့သည်။ ထို့ကြောင့်အချို့က ‘သူတကယ်အသက်ရှင်ခဲ့သည်ဖြစ်စေ၊ မရှင်ခဲ့သည်ဖြစ်စေ ဘာအကြောင်းထူးမှာလဲ’ ဟုဆင်ခြေတက်ကြပေမည်။
ကမ္ဘာ့လူဦးရေတစ်ဝက်မှာ အာဗြဟံကိုယုံကြည်ပါသည်ဟုဆိုသော ဘာသာတရားတို့ကို ယုံကြည်ကိုးကွယ်နေကြသည်။ 1988 Britannica Book of the Year ၌ ခရစ်ယာန် ၃၂.၉ ရာခိုင်နှုန်း၊ မူစလင် ၁၇.၂ ရာခိုင်နှုန်း၊ ဂျူးဘာသာဝင် ၀.၄ ရာခိုင်နှုန်းရှိကြောင်း၊ ဤဘာသာသုံးခုစလုံးတွင် အာဗြဟံသည်အထင်ကရပုဂ္ဂိုလ်ဖြစ်ကြောင်း ဖေါ်ပြထားသည်။ ဤဘာသာတို့ကို ယုံကြည်သက်ဝင်သူတို့အနေဖြင့် အာဗြဟံနှင့်ပတ်သက်၍ သင်ကြားခြင်းခံရသောအကြောင်းများ အမှန်တရားဟုတ်မဟုတ် သေချာအောင်ပြုလုပ်လိုသောဆန္ဒရှိသင့်သည်။ အခြားဘာသာဝင်တို့နှင့် ဘာသာမရှိဟုဆိုသူတို့လည်း ဤအကြောင်းကို စိတ်ဝင်စားသင့်သည်။ အဘယ်ကြောင့်နည်း။
အကြောင်းမှာ သမ္မာကျမ်းစာက အာဗြဟံသည် ပရောဖက်တစ်ပါး ဖြစ်သည်ဟုဆိုထားသောကြောင့်တည်း။ (ကမ္ဘာဦး ၂၀:၇) ပရောဖက်ဆိုသည်မှာ အခြားလူသားများအတွက် သတင်းစကားပါးပေးသော ဘုရားသခင့်ပြောရေးဆိုခွင့်ရှိသူကို ရည်ညွှန်းသော ကျမ်းသုံးစကားဖြစ်သည်။ အာဗြဟံသည်မှန်သော ပရောဖက်ဖြစ်ခဲ့သည်ရှိသော် လူသားခပ်သိမ်း အကျိုးခံစားရကြမည်။ အဘယ်ကြောင့်နည်း။ သူရရှိခဲ့သော ဗျာဒိတ်တော်တွင် လူသားအပေါင်းအတွက် သတင်းကောင်းပါဝင်၍ဖြစ်သည်။ (ဂလာတိ ၃:၈) သမ္မာကျမ်းစာအရ ဘုရားသခင်က အာဗြဟံအား “သင့်အားဖြင့် . . . လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်” ဟုကတိပေးတော်မူ၏။—ကမ္ဘာဦး ၁၂:၃။
ဤကား အံ့ဖွယ်ကတိဖြစ်သည်။ ဤသို့မိန့်ဆိုသည်ကို အခြားအချိန်နှစ်ချိန်၌လည်း အာဗြဟံကြားခဲ့သည်။ (ကမ္ဘာဦး ၁၈:၁၈၊ ၂၂:၁၈) ဤကတိတော်ပြည့်စုံရေးအတွက် ဘုရားသခင်သည် သေလွန်ခဲ့ကြသောလူမျိုးစုတို့၏ ကိုယ်စားလှယ်များကို ထမြောက်စေတော်မူမည်။ ထိုသို့ရှင်ပြန်ထမြောက်လာသူတို့ရရှိသော အသက်တာသည် အမှန်ပင်ကောင်းချီးမင်္ဂလာဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အများမှာ မူလဆုံးရှုံးသွားသည့် ပရဒိသုနှင့်ဆင်တူသော အခြေအနေမျိုးသို့ ပြန်လည်ရောက်ရှိကြမည် ဖြစ်သောကြောင့်တည်း။ ထိုနောက်၌ ထာဝရအသက်ကောင်းချီးရရှိရန် သွန်သင်ခြင်းခံရကြပေမည်။—ကမ္ဘာဦး ၂:၈၊ ၉၊ ၁၅-၁၇။ ၃:၁၇-၂၃။
တစ်ဘက်၌ အာဗြဟံသည် ဒဏ္ဍာရီမှပုဂ္ဂိုလ်မျှသာဖြစ်ခဲ့သည်ရှိသော် သူရရှိသောအံ့ဖွယ်ကတိတော်ကို ယုံကြည်ရန်အခြေအမြစ်ရှိမည်မဟုတ်ပေ။ ထိုမျှသာမက သမ္မာကျမ်းစာမှကတိတော်များကို ယုံကြည်အားထား၍မရလျှင် လက်ရှိဘဝ၏ ကာမဂုဏ်အပျော်အပါးတွင် လုံးလုံးမြှုပ်နှံဖို့သာကောင်းသည်ဟု အချို့ကဆင်ခြေတက်ကောင်းတက်ကြမည်။ “သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင် . . . ‘စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်’” ဟုကနဦးခရစ်ယာန်တစ်ဦးရေးသားခဲ့သကဲ့သို့ ဆင်ခြေတက်ကြပေမည်။—၁ ကောရိန္သု ၁၅:၃၂။
ထို့ကြောင့် အာဗြဟံသည် ဒဏ္ဍာရီမှသူရဲကောင်းတစ်ဦးမျှသာလော သို့မဟုတ် မှန်သောပရောဖက်တစ်ပါးလော ဟူသောမေးခွန်းကို ဝေဖန်ဆန်းစစ်ရန် အကြောင်းများစွာရှိပေသည်။ ဤအကြောင်းနှင့်ပတ်သက်၍ ၁၉ ရာစုနှစ်မှကျော်ကြားသော ဓမ္မဆရာဘုန်းကြီးများ၏ပြောဆိုချက်ကို သိရသောအခါ သင်ထိတ်လန့်မိပေမည်။ ထိုအတောအတွင်း ထိုဓမ္မဆရာဘုန်းကြီးများ၏ အမြင်သဘောထားကို အံတုစိန်ခေါ်သည့် အံ့အားသင့်ဖွယ်တွေ့ရှိချက်များကို ရှေးဟောင်းပစ္စည်းလေ့လာသော ပညာရှင်များတွေ့ရှိလာကြသည်။