ယေရှု၏ ဘဝနှင့် ဓမ္မအမှု
ယေရုရှလင်မြို့သို့ယေရှုနောက်ဆုံးခရီးသွားရာတွင် အနာကြီးရောဂါသည်ဆယ်ဦးအား သန့်စင်စေခြင်း
ယေရှုသည်ယေရုရှလင်မြို့မှထွက်ခွာ၍ ဧဖရိမ်မြို့သို့ကြွသွားတော်မူခြင်းဖြင့် မိမိကိုသတ်ရန် ယုဒလွှတ်တော်၏အားထုတ်မှုကို ပျက်ပြားစေ၏။ ဧဖရိမ်မြို့သည် ယေရှရုလင်မြို့၏အရှေ့မြောက်ဘက် ၁၅မိုင်ခန့်အရပ်တွင် တည်ရှိသည်။ ထိုမြို့တွင်ရန်သူတို့နှင့် ကင်းဝေးရန်တပည့်တော်တို့နှင့် အတူနေတော်မူ၏။
သို့သော် စီအီး ၃၃ ခုနှစ်ပသခါပွဲတော်အခါ နီးကပ်လာပြီဖြစ်၍ ယေရှုသည်တဖန်ခရီးထွက်ကြွတော်မူ၏။ ကိုယ်တော်သည် ရှမာရိနယ်ကိုဖြတ်၍ ဂါလိလဲနယ်သို့ကြွချီတော်မူ၏။ အသေခံတော်မမူမီ ၄င်းဒေသသို့နောက်ဆုံးအကြိမ် ကြွရောက်ခြင်းဖြစ်သည်။ ဂါလိလဲနယ်တွင်ရှိစဉ် ကိုယ်တော်နှင့်တပည့်တော်တို့သည် ပသခါပွဲတော်အတွက် ယေရုရှလင်မြို့သို့ခရီးသွားနေသော အခြားသူတို့နှင့်အတူသွားခဲ့သည်။ သူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်ကမ်း ပေရိယနယ်တလျှောက်ရှိလမ်းဖြင့် သွားကြသည်။
ခရီးစဉ်အစပိုင်း၌ ရှမာရိနယ် သို့မဟုတ် ဂါလိလဲနယ်အတွင်းရှိ ရွာတစ်ရွာသို့ဝင်စဉ် အနာကြီးရောဂါသည်ဆယ်ယောက်က ခရီးဦးကြိုပြုကြ၏။ ကြောက်စရာကောင်းသောဤရောဂါသည် ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ်သော လက်ချောင်း၊ ခြေချောင်း၊ နားရွက်၊ နှာခေါင်း၊ နှုတ်ခမ်းတို့ကို တစ်စတစ်စနှင့်စားသွားတတ်သည်။ အခြားသူများအား မကူးစက်ရအောင် ကာကွယ်သည့်အနေနှင့် အနာကြီးရောဂါသည်နှင့်ပတ်သက်၍ ဘုရားပညတ်ကဤသို့ဆိုသည်။ “အထက်နှုတ်ခမ်းကိုဖုံးလျက် ‘မစင်ကြယ် မစင်ကြယ်’ ဟုဟစ်အော်ရမည်။ ထိုအနာစွဲသည့်ကာလပတ်လုံး သူသည်ညစ်ညူး၏ . . . တစ်ယောက်တည်းနေရမည်။”
အနာကြီးရောဂါသည်ဆယ်ဦးသည် အနာကြီးရောဂါသည်များအတွက် ပညတ်တရားပြဌာန်းသည့် ကန့်သတ်ချက်တို့ကိုလိုက်နာ၍ ယေရှုမှခပ်ဝေးဝေးနေကြ၏။ သို့သော်သူတို့က “သခင်ယေရှု၊ အကျွန်ုပ်တို့ကိုကယ်မသနားတော်မူပါ” ဟုကျယ်လောင်သောအသံနှင့် ဟစ်အော်ကြ၏။
အဝေးမှသူတို့ကိုမြင်တော်မူလျှင်ယေရှုက “သင်တို့သွား၍ မိမိတို့ကိုယ်ကိုယဇ်ပုရောဟိတ် များအားပြကြလော့” ဟုမိန့်တော်မူ၏။ ယေရှုဤသို့မိန့်တော်မူရခြင်းမှာ အနာရောဂါပျောက်ကင်းသူတို့ကို ပျောက်ကင်းချမ်းသာပြီဟု ထုတ်ဖေါ်ကြေညာနိုင်သောအခွင့်အာဏာကို ယဇ်ပုရောဟိတ်တို့အား ဘုရားပညတ်ကအပ်နှင်းထားသောကြောင့်ဖြစ်သည်။ ဤနည်းအားဖြင့် ထိုသူတို့သည် ကျန်းမာသူတို့နှင့် ပြန်နေခွင့်ရကြသည်။
အနာကြီးရောဂါသည်ဆယ်ဦးသည် ယေရှု၏အံ့ဖွယ်တန်ခိုးကို ယုံကြည်စိတ်ချကြသည်ဖြစ်ရာ ရောဂါမပျောက်ကင်းသေးသော်လည်း ယဇ်ပုရောဟိတ်တို့ထံသုတ်ချေတင်သွားကြ၏။ သွားနေစဉ်တွင် သူတို့၏ယုံကြည်ခြင်းက သူတို့ကိုအကျိုးပေးလေ၏။ သူတို့ကျန်းမာသန့်စင်လာသည်ကို စတင်တွေ့မြင်ခံစားလာရပါသည်တကား။
သန့်စင်သွားသောအနာကြီးရောဂါသည်ကိုးဦးက ဆက်၍ခရီးသွားကြသော်လည်း ရှမာရိလူဖြစ်သောကျန်တစ်ဦးမှာ ယေရှုကိုတွေ့ရန်ပြန်လာ၏။ အဘယ်ကြောင့်နည်း။ သူ၌ဖြစ်ပျက်သမျှအတွက် အလွန်ကျေးဇူးတင်သောကြောင့်ဖြစ်သည်။ ကျယ်သောအသံနှင့် ဘုရားကိုချီးမွမ်းလေ၏။ ယေရှုကိုတွေ့သောအခါ ခြေတော်ရင်း၌ပြပ်ဝပ်လျက် ကျေးဇူးတော်ကြီးလှကြောင်း လျှောက်ထား၏။
ယေရှုကလည်း “တစ်ကျိပ်သောသူတို့သည် စင်ကြယ်ခြင်းသို့ရောက်ကြသည်မဟုတ်လော။ ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း။ ဤလူမျိုးခြားတစ်ဦးမှတစ်ပါး ဘုရားဂုဏ်တော်ကိုချီးမွမ်းခြင်းငှာ ပြန်လာသူတစ်ယောက်မျှမရှိသလော” ဟုမေးတော်မူ၏။
ထိုနောက်ရှမာရိလူအား “သင်ထ၍သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကိုငြိမ်းစေပြီ” ဟုမိန့်တော်မူ၏။
အနာကြီးရောဂါသည်ဆယ်ဦးအား ယေရှုကုသပေးခြင်းအကြောင်းဖတ်ရှုရာတွင် “ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း” ဟူသောကိုယ်တော်.မေးခွန်းမှ သက်ရောက်သောသင်ခန်းစာကို နှလုံးသွင်းအပ်ပေသည်။ ထိုကိုးဦးတင်ပြသော ကျေးဇူးတရားမသိတတ်မှုသည် ကြီးလေးသောချို့တဲ့ချက်ဖြစ်သည်။ ကျွန်ုပ်တို့သည်ရှမာရိလူကဲ့သို့ ဘုရားသခင့်ဖြောင့်မတ်သောကမ္ဘာသစ်တွင် ထာဝရအသက်ရရှိမည်ဟူသောသေချာသည့် ကတိတော်အပါအဝင် ဘုရားထံမှလက်ခံရရှိရာများအတွက် ကျေးဇူးသိတတ်သောစိတ်ပြသမည်လော။ ယောဟန် ၁၁:၅၄၊ ၅၅။ လုကာ ၁၇: ၁၁-၁၉။ ဝတ်ပြုရာ ၁၃:၁၆၊ ၁၇၊ ၄၅၊ ၄၆။ ဗျာဒိတ် ၂၁:၃၊ ၄။
◆ မိမိအားကွပ်မျက်မည့်အားထုတ်မှုကို ယေရှုမည်သို့ပျက်ပြားစေသနည်း။
◆ ထိုနောက်အဘယ်နေရာသို့ ကြွသွားတော်မူသနည်း။ ကိုယ်တော်သွားလိုသည့် ခရီးလမ်းဆုံးကား အဘယ်နေရာနည်း။
◆ အနာကြီးရောဂါသည်များ အဘယ်ကြောင့်အဝေး၌ရပ်နေကြသနည်း။ သူတို့အားယဇ်ပုရောဟိတ်တို့ထံသွားရန် ယေရှုအဘယ်ကြောင့်မိန့်တော်မူသနည်း။
◆ ဤတွေ့ကြုံမှုမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာရရှိသနည်း။