ယေရှု၏ ဘဝနှင့် ဓမ္မအမှု
လာဇရု ရှင်ပြန်ထမြောက် လာသောအခါ
ယေရှုနှင့်အတူ ကိုယ်တော်နောက် လိုက်ပါလာသူများ လာဇရု၏ အောက်မေ့ရာဂူသို့ ယခုရောက်ရှိလာကြသည်။ အမှန်မှာ အဝတွင် ကျောက်ဖြင့်ပိတ်ဆို့ထားသော ဂူဖြစ်သည်။ ယေရှုက “ကျောက်ကို ရွှေ့ကြလော့” ဟုဆိုသည်။
ယေရှုမည်သည့်အမှုပြုမည်ကို မာသနားမလည်သေး၍ “သခင်၊ ယခုအချိန်ဆိုလျှင်နံလိမ့်မည်။ လေးရက်ရှိပါပြီ” ဟုကန့်ကွက်လေသည်။
သို့သော် ယေရှုက “သင်သည်ယုံလျှင် ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည် ငါပြောပြီမဟုတ်လော” ဟုမေးတော်မူ၏။
သို့နှင့် ကျောက်ကိုရွှေ့ကြသည်။ ထိုနောက်ယေရှု အထက်သို့ကြည့်ပြီး “အဘ၊ ကိုယ်တော်သည် အကျွန်ုပ်စကားကို နားထောင်တော်မူ၍ ကျေးဇူးတော်ကြီးလှပါ၏။ ကိုယ်တော်သည် အကျွန်ုပ်စကားကို အစဉ်မပြတ်နားထောင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့သော်လည်း အကျွန်ုပ်အား ကိုယ်တော်စေလွှတ်တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှာ သူတို့၏အကျိုးကို ထောက်၍ ဤသို့ အကျွန်ုပ်လျှောက်ပါ၏” ဟုလူအများရှေ့ဆုတောင်းရခြင်းမှာ ယခုကိုယ်တော်ပြုမည့်အရာသည် ဘုရားသခင်ပေးသော တန်ခိုးတော်အားဖြင့်ဖြစ်ကြောင်း လူတို့သိစေခြင်းငှာတည်း။ ထိုနောက် အသံကျယ်စွာဖြင့် “လာဇရု ထွက်၍လာလော့” ဟုဟစ်ခေါ်လေသည်။
ထိုအခါ လာဇရုထွက်လာသည်။ သေလွန်သူ၏ခြေလက်သည် အဝတ်ဖြင့် ရစ်ပတ်ထား၍မျက်နှာကိုလည်း ပုဝါစည်းထားရာ ယေရှုက “သူ့ကိုဖြေ၍ လွှတ်ကြလော့” ဟုမိန့်တော်မူသည်။
အံ့ဘွယ်ရာကို မြင်ကြသောအခါ မာသနှင့်မာရိကို နှစ်သိမ့်ရန် ရောက်နေကြသူများစွာ ယေရှုကိုယုံကြည်လေသည်။ အခြားသူများမူ ဖြစ်သမျှကို ဖါရိရှဲများအား ကြားပြောကြသည်။ သို့နှင့် သူတို့သည် ယဇ်ပုရောဟိတ်အကြီးတို့နှင့်အတူ လွှတ်အရာရှိ အစည်းအဝေးခေါ်လိုက်သည်။
လွှတ်အရာရှိများတွင် ဖါရိရှဲများ၊ ဇဒ္ဒုကဲများ၊ ယဇ်ပုရောဟိတ်အကြီးများ၊ လက်ရှိယဇ်ပုရောဟိတ်မင်း ကယာဖ နှင့် ယခင်ယဇ်ပုရောဟိတ်မင်းများလည်းပါဝင်သည်။ သူတို့က “ငါတို့သည် အဘယ်သို့ပြုလျက်နေကြသနည်း။ ထိုသူသည် များစွာသော နိမိတ်လက္ခဏာကိုပြ၏။ သူ့ကိုဤသို့လွှတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်ဌာနကိုလည်းကောင်း၊ ငါတို့အမျိုးကိုလည်းကောင်း သုတ်သင်ပယ်ရှားကြလိမ့်မည်” ဟုပြောဆိုကြ၏။
ယေရှုသည် “များစွာသော နိမိတ်လက္ခဏာကိုပြတော်မူပြီ” ဟုဘာသာရေးခေါင်းဆောင်များ ဝန်ခံကြသော်လည်း သူတို့စိုးရိမ်နေသည်ကား သူတို့ရာထူးနှင့် အခွင့်အာဏာ အတွက်သာဖြစ်သည်။ ဇဒ္ဒုကဲများ ရှင်ပြန်ထမြောက်ခြင်းကို မယုံကြည်ကြသောကြောင့် လာဇရုထမြောက်လာခြင်းသည် အထူးသဖြင့် သူတို့အတွက် အရှက်တကွဲဖြစ်စေသည်။
ဇဒ္ဒုကဲတစ်ဦးဖြစ်ကောင်းဖြစ်မည့် ကယာဖက ဤတွင် “သင်တို့သည် အလျှင်းမသိကြ။ ယုဒလူမျိုး အကုန်အစင် ပျက်စီးသည်ထက်၊ လူတစ်ယောက်သည် လူများတို့အတွက် သေသော် သာ၍ကောင်းသည်ကို သင်တို့သည် မဆင်ခြင်ပါတကား” ဟုပြောဆိုသည်။
ကာယဖ ဤသို့ပြောဆိုရန် ဘုရားသခင်လှုံ့ဆော်ခဲ့သည်။ အကြောင်းမူကား၊ နောင်တွင် တမန်တော်ယောဟန်ဤသို့ရေးသားခဲ့သည်။ “ထိုစကားကို [ကယာဖ] ကိုယ်အလိုအလျောက် ပြောဆိုသည်မဟုတ်။” ကယာဖဆိုလိုသည်ကား သူတို့သြဇာအာဏာပျောက်လွင့်အောင် ယေရှုအား ဆက်ပြုစေမည့်အစား ကိုယ်တော်ကို သတ်ပစ်သင့်သည်။ သို့ဖြစ်သော်လည်း ယောဟန်စကားအရ ‘ယုဒလူမျိုးအတွက်သာမဟုတ် ဘုရားသခင်၏သားသမီးများ စုဝေးလာစေရန် ယေရှုသေရမည်ဟု ကယာဖပရောဖက်ပြုသည်။’ လူသားအပေါင်းအတွက် သားတော်သေရမည်ကား ဘုရားသခင့်ရည်ရွယ်တော်မူချက်ဖြစ်သည်။
ဤတွင် ယေရှုကိုသတ်ပစ်ရန် ကြံစည်ကြဖို့ လွှတ်အရာရှိများအား ကယာဖသွေးဆောင်နိုင်ခဲ့သည်။ သို့သော် ဤအကြံအစည်များအကြောင်းကို မိမိနှင့်ခင်မင်သော လွှတ်အရာရှိတစ်ဦးဖြစ်သူ နိကောဒင်မှတစ်ဆင့် သိရှိမည်ဖြစ်ရာ ထိုအရပ်မှ ထွက်ခွါတော်မူသည်။ ယောဟန် ၁၁:၃၈-၅၄။
◆ လာဇရုကို ရှင်ပြန်ထမြောက်စေတော်မမူမီ လူအများရှေ့ ယေရှုအဘယ်ကြောင့်ဆုတောင်းခဲ့ခြင်းဖြစ်မည်နည်း။
◆ ဤထမြောက်ခြင်းကို တွေ့မြင်သူများ မည်သို့တုံ့ပြန်ခဲ့သနည်း။
◆ လွှတ်တော်အရာရှိများ၏ မတရားမှုကို အဘယ်အရာက ဖေါ်ပြသနည်း။
◆ ကယာဖ၏ အကြံအစည်ကား အဘယ်နည်း။ သို့သော် မည်သို့ပရောဖက်ပြုရန် သူ့အားဘုရားသခင် အသုံးပြုသနည်း။