အဓိဋ္ဌာန်
၁၉၈၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှန်း ဒေသပေါင်း ၁၀၉၈ နေရာ၌ ကျင်းပခဲ့သော စည်းဝေးများ၌ တက်ရောက်သူ ၆၄၄၃၅၉၇ ယောက်နှင့် နှစ်ခြင်းခံသူ ၉၃၈၂၂ ယောက်ရှိခဲ့သည်။ ၁၉၈၈ ခုနှစ်က ကျင်းပခဲ့သော “မြင့်မြတ်သောတရားမျှတခြင်း” စည်းဝေးပွဲကြီးများ၌ တက်ရောက်သူ ပရိသတ်မှာ အထက်ပါအရေအတွက်ထက် များပြားမည်မှာသေချာသည်။ “မြင့်မြတ်သောတရားမျှတခြင်း” စည်းဝေးပွဲကြီးများအားလုံး၌ ဟောပြောခဲ့သော “သတင်းဆိုးသောပြည့်တန်ဆာ” ဟောပြောချက်အပြီးတွင် ဘာသာစကား ၂၀ ကျော်ဖြင့် လှပခန့်ငြားစွာ သရုပ်ဖေါ်ထားသော စာမျက်နှာ ၃၂၀ ရှိ Revelation—Its Grand Climax at hand စာအုပ်ကို ထုတ်ဝေခဲ့သည်။ ဟောပြောသူက ပရိသတ်တို့အား ဤသို့မှာကြားလိုက်သည်။ “ဤစာအုပ်သစ်ကို ကိုယ်ပိုင်လေ့လာမှုနှင့် အသင်းတော်လေ့လာမှုတို့တွင် ကောင်းစွာအသုံးပြုပါ။ ကမ္ဘာလောကအား မဟာဗာဗုလုန်ပျက်စီးတော့မည်၊ လူမျိုးအပေါင်း ယခုအာမဂေဒုန်နှင့် ရင်ဆိုင်ပက်ပင်းတိုးနေကြောင်း၊ ခရစ်တော်နှင့် ကိုယ်တော်.သတို့သမီးတို့အားဖြင့် အုပ်ချုပ်သည့် ယေဟောဝါ၏ခမ်းနားထည်ဝါသော နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် ကိုယ်တော်.ရည်ရွယ်တော်မူချက်၏ ကြီးမြတ်သော နိဂုံးကမ္ပတ်ရောက်ရှိမည်အကြောင်း ကြေညာရာတွင်လည်း အသုံးပြုပါ။ ဤအရာတို့ကို ကြားနာ၍ စောင့်ရှောက်လျှင် အသင်ရွှင်လန်းပေမည်။ အကြောင်းမှာ ‘ချိန်းချက်သောအချိန်နီးပြီ’ ဖြစ်၍တည်း။”—ဗျာဒိတ် ၁:၃။
ကျွန်ုပ်တို့သည် ၁၉၁၄ ခုနှစ်မှစ၍ “သခင်ဘုရားနေ့” နှင့် ဘုရားသခင်၏ တရားစီရင်ရာကာလအတွင်း အသက်ရှင်နေကြသည်။ ကျွန်ုပ်တို့သည် ဘုရင်တကာတို့၏ဘုရင် ယေရှုခရစ်၏လက်အောက်တွင် အချုပ်အခြာအာဏာပိုင် ယေဟောဝါအား ဝတ်ပြုရသည့် မဟာအခွင့်ထူးကြီး ရရှိခြင်းအတွက် အထူးရွှင်လန်းဝမ်းမြောက်ပါသည်။ (ဗျာဒိတ် ၁:၁၀) ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့ အောက်ပါအတိုင်း သက်သေခံသည်။
(၁) တစ်ဆူတည်း အသက်ရှင်တော်မူသော ဘုရားမှန်ယေဟောဝါ၏ နာမတော်အပေါ် မဟာဗာဗုလုန်၊ အထူးသဖြင့် ခရစ်ယာန်ဘောင်သက်ရောက်စေသည့် ကဲ့ရဲ့ရှုတ်ချမှုကို ကျွန်ုပ်တို့ရွံမုန်းသည်။ ကျွန်ုပ်တို့သည် ဗျာဒိတ် ၄:၁၁ မှစကားအတိုင်း ‘အကျွန်ုပ်တို့၏ ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်များကို ပိုင်ဆိုင်တော်မူပါသည်’ ဟု ဝန်ခံသည်။
(၂) ခရစ်ယာန်ဘောင်သည် ဗာဗုလုန်အယူများခံယူထားသည်။ အထူးသဖြင့် သုံးပါးတစ်ဆူဘုရား၊ မသေနိုင်သော လူ့ဝိညာဉ်၊ ငရဲတွင် ထာဝစဉ်ဝေဒနာခံခြင်း၊ မီးငရဲလေး၊ မယ်တော်နှင့် လက်ဝါးကပ်တိုင် စသောရုပ်တုကိုးကွယ်ခြင်းတို့ဖြစ်သည်။ ယင်းတို့ကို ကျွန်ုပ်တို့ရွံမုန်းသည်။ ဗျာဒိတ် ၂၂:၁၈၊ ၁၉ နှင့်အညီ ရေးသားထားသော ဘုရားသခင့်နှုတ်ကပတ်တော်နှင့် ထိုတွင်ပါရှိသမျှအတိုင်း ကျွန်ုပ်တို့စွဲစွဲမြဲမြဲ လိုက်နာစောင့်ရှောက်သည်။
(၃) ခရစ်ယာန်ဘောင်တွင် အထူးခေတ်စားနေသော ဘုရားတရားဆန့်ကျင်သည့် အတွေးအခေါ်များနှင့် အကျင့်ဓလေ့များကို ကျွန်ုပ်တို့ရွံမုန်းသည်။ ဥပမာ ဆင့်ကဲဖြစ်စဉ်အယူ၊ သွေးသွင်းခြင်း၊ သန္ဓေဖျက်ချခြင်း၊ လိမ်လည်ခြင်း၊ လောဘနှင့် မရိုးသားမှု စသည်တို့။ ကျွန်ုပ်တို့၏ကိုးကွယ်ဝတ်ပြုမှုနှင့် ဘဝအသက်တာလမ်းစဉ်တွင် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်၊ အနန္တတန်ခိုးရှင် ယေဟောဝါဘုရားသခင်အား ကျွန်ုပ်တို့ ဂုဏ်တင်မည်။ ဗျာဒိတ် ၁၅:၃ ဖေါ်ပြချက်အရ ကိုယ်တော်နည်းလမ်းတော်တို့သည် “ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။”
(၄) ခရစ်ယာန်ဘောင်သည် ဂိုဏ်းဂဏဝါဒ၊ ရုပ်တုကိုးကွယ်ခြင်း၊ မတရားသောမေထုန်ပြုခြင်း၊ ယေဇဗေလ၏အရှိန်အဝါ၊ မပူမအေးဖြစ်ခြင်းနှင့် သတိဝီရိယနိုးကြားမှုမရှိခြင်း စသော ကိစ္စတို့တွင် ဗျာဒိတ်ကျမ်းအခန်းကြီး ၂ နှင့် ၃ ၌ အသင်းတော်ခုနစ်ပါးထံ ယေရှုပေးပို့သည့် သတင်းစကားများကို နာခံရန်ပျက်ကွက်ခြင်းကို ကျွန်ုပ်တို့ရွံမုန်းသည်။ ကျွန်ုပ်တို့သည် “အသင်းတော်တို့အား ဝိညာဉ်တော်ဆင့်ဆိုရာကို” ကြားနာ၍ နာခံပါမည်။
(၅) ခရစ်ယာန်ဘောင်နှင့်တကွ ယင်း၏ဓမ္မဆရာ ဘုန်းကြီးရဟန်းများဘောင်တွင် တည်ရှိသော အကျင့်စာရိတ္တပျက်ပြားမှုနှင့် ပေါက်လွှတ်ပဲစား ပြုမူမှုတို့ကို ကန်ုပ်တို့ရွံမုန်းသည်။ မတရားသောမေထုန်မှီဝဲသူ၊ လိမ်လည်သူနှင့် အလားတူအမှုပြုကျင့်သူတို့သည် မိမိတို့၏ ဆိုးညစ်သော အကျင့်များကို ဆက်၍ပြုကျင့်ပါက ရှင်းရှင်းဖျက်ဆီးခံရမည်ဟု ဗျာဒိတ် ၂၁:၈ ၌ပါရှိသော ယေဟောဝါ၏ရှင်းလင်းပြတ်သားသည့် စီရင်ဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့ကြိုဆိုသည်။ လိင်၊ ထိမ်းမြားမင်္ဂလာ၊ မိသားစုဘဝတို့နှင့်ပတ်သက်သော သမ္မာကျမ်းစာစံချိန်ကို ကျွန်ုပ်တို့စိတ်ရောကိုယ်ပါ ထောက်ခံသည်။
(၆) ရာစုနှစ်ပေါင်းများစွာ ခရစ်ယာန်ဘောင်မှ ဓမ္မဆရာဘုန်းကြီးရဟန်းတို့သည် အာဏာနှင့်စည်းစိမ်ရရှိရေး၊ သာမန်ပြည်သူတို့ကို ဖိနှိပ်ချုပ်ချယ်ရေးအတွက် လောကီအာဏာပိုင်မင်းတို့နှင့် ပူးပေါင်းကြံစည်ရာတွင် ပြုကျင့်လာခဲ့သော ဝိညာဏမတရားမေထုန်ကို ကန်ုပ်တို့ရွံမုန်းသည်။ စိတ်နှလုံးရိုးသားဖြောင့်မတ်သူများ ဗျာဒိတ် ၁၈:၄ မှ ‘ငါ၏လူမျိုးတို့၊ သူ၏အထဲက ထွက်ကြလော့’ ဟူသော ကောင်းကင်တမန်၏ ခေါ်ဖိတ်သံကို နာခံလာအောင် အကူအညီပေးရန် ကျွန်ုပ်တို့အဓိဋ္ဌာန်ပြုသည်။
(၇) အများအားဖြင့် နိုင်ငံရေးအာဏာပိုင်တို့နှင့် ပြည့်တန်ဆာကြီးကျူးလွန်သည့် မတရားမေထုန်ကြောင့် ဤရာစုနှစ်တစ်ခုတည်းအတွင်း၌ စစ်ပွဲတွင်အသက်ပေါင်း သန်း ၁၀၀ ကျော် စတေးရာမှ စီးခဲ့သောသွေးချောင်း၊ သွန်းခဲ့သော သွေးအိုင်ကို ကန်ုပ်တို့ရွံမုန်းသည်။ ဗျာဒိတ် ၁၈:၂၁-၂၄ ၌ ရှင်းလင်းစွာဖေါ်ပြထားသည့်အတိုင်း မဟာဗာဗုလုန်အပေါ် ဘုရားသခင်စီရင်ဆုံးဖြတ်မည့် ချိန်းချက်သောအချိန် နီးလာခြင်းအတွက် ကျွန်ုပ်တို့ဝမ်းမြောက်သည်။
ယေဟောဝါသက်သေများအနေနှင့် ၁၉၁၄ ခုနှစ်တွင် “လောကီနိုင်ငံသည် ငါတို့အရှင် [ယေဟောဝါ] ၏နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ” ဟူသော သတင်းကို ကမ္ဘာသို့ကြေညာရခြင်းကို ဝမ်းမြောက်ခြင်းနှင့် အခွင့်အရေးအဖြစ် ကျွန်ုပ်တို့သဘောထားသည်။ (ဗျာဒိတ် ၁၁:၁၅) မဟာဗာဗုလုန်အပေါ် ယေဟောဝါချမှတ်သည့် စီရင်ဆုံးဖြတ်ချက်ကြေညာရာတွင်လည်းကောင်း၊ ကျရောက်အံ့သော ဘုရားသခင့်အာမဂေဒုန်စစ်ပွဲကြီးအကြောင်း သတိပေးရာတွင်လည်းကောင်း ကြောက်ရွံ့ခြင်းကင်းစွာ ရှေ့သို့ချီရန် ကျွန်ုပ်တို့အဓိဋ္ဌာန်ပြုသည်။ နာခံသော လူသားတို့၏ ကောင်းချီးအတွက် “ကောင်းကင်သစ်နှင့်မြေကြီးသစ်” ရောက်လုနီးပြီဟူသော ဝမ်းမြောက်ဖွယ်သတင်းကို ‘တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကို ပြောဆိုသူ လူအမျိုးအနွယ်’ အား ကျယ်လောင်သောအသံဖြင့် ပဲ့တင်ထပ်အောင် ကြေညာရန် ကျွန်ုပ်တို့သန္နိဋ္ဌာန်ချထားသည်။ (ဗျာဒိတ် ၁၄:၆။ ၂၁:၁) ဤသို့ကြေညာခြင်း၏ရလဒ်အဖြစ် ယခုအခါ ကမ္ဘာတစ်ဝှန်းတွင် လူမျိုးအသီးသီးမှ သုံးသန်းကျော်သော လူအုပ်ကြီး ကျွန်ုပ်တို့နှင့် လက်တွဲလာသည်ကို တွေ့ရသဖြင့် ကျွန်ုပ်တို့ဝမ်းမြောက်ကြသည်။ ကောင်းကင်အလယ်တွင် ပျံဝဲနေသော ကောင်းကင်တမန်နှင့်အတူ ကျွန်ုပ်တို့အားလုံး အောက်ပါအတိုင်းကြေညာသည်။ “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့။”—ဗျာဒိတ် ၁၄:၇။
[“အဓိဋ္ဌာန်” လေ့လာမှုအတွက် မေးခွန်းများ]
၁။ ယေဟောဝါသက်သေများသည် ယခုအဘယ်အတွက် ဝမ်းမြောက်နေကြသနည်း။
၂။ အဓိဋ္ဌာန်ခုနစ်ချက်နှင့်စပ်လျဉ်း၍ (က) ယေဟောဝါသက်သေများ အဘယ်အရာတို့ကို ရွံမုန်းကြောင်း (ခ) အဘယ်အပြုသဘောဆောင်သော အတည်ပြုချက်ကို သက်သေခံများကြေညာသနည်း။
၃။ (က) ယေဟောဝါသက်သေများ အဘယ်ဝမ်းမြောက်မှုနှင့် အခွင့်အရေးရရှိထားသနည်း။ (ခ) သက်သေခံများ အဘယ်သို့အဓိဋ္ဌာန်ပြုသနည်း။ (ဂ) ဘာလုပ်ရန်လည်း ကျွန်ုပ်တို့သန္နိဋ္ဌာန်ချထားသနည်း။ (ဃ) ယေဟောဝါသက်သေများ အဘယ်ဝမ်းမြောက်မှုကို မျှဝေခံစားရသနည်း။ အဘယ်ကြေညာခြင်းလုပ်ငန်းတွင် ပါဝင်နေကြသနည်း။