ဘယ်– ၁၉၃၁ ခုနှစ်၊ ကိုရီးယားနိုင်ငံမှာ ကော်လ်ပေါ်တာညီအစ်မ တစ်ယောက် ဟောပြောနေ၊ ညာ– ယနေ့ ကိုရီးယားမှာ လက်သင်္ကေတပြစကားနဲ့ သက်သေခံနေ
အပိုင်း ၂
နိုင်ငံတော်သတင်း ဟောပြောခြင်း–ကမ္ဘာတစ်ဝန်း သတင်းကောင်းပျံ့နှံ့စေခြင်း
အလုပ်ပိတ်ရက် မနက်စောစောမှာ အမှုဆောင်ထွက်ဖို့ ပြင်ဆင်နေတယ်။ နည်းနည်းပင်ပန်းနေတော့ မသွားရင်ကောင်းမလားလို့ တွေးမိတယ်။ မနက်ပိုင်းမှာ အေးအေးဆေးဆေးနားလိုက်ရရင် ဇိမ်ပဲ။ ဒါပေမဲ့လည်း ဆုတောင်းပြီး သွားဖို့ဆုံးဖြတ်လိုက်တယ်။ အမှုဆောင်မှာ သစ္စာရှိတဲ့ သက်ကြီးညီအစ်မတစ်ယောက်နဲ့တွဲရတယ်။ သူ့ရဲ့ ခံနိုင်ရည်နဲ့ ကြင်နာမှုက တကယ့်ကိုစွဲမှတ်စရာပဲ။ ဒါ့အပြင် တစ်အိမ်တက်ဆင်းမှာ အမှန်တရားအကြောင်း ဟောနေရင်းနဲ့ ကမ္ဘာတစ်၀န်းက ညီအစ်ကိုညီအစ်မတွေလည်း ဒီအကြောင်းကိုပဲ ဟောနေတာ၊ ဒီစာပေတွေကိုပဲ သုံးနေတာ၊ ဒီလေ့ကျင့်မှုကနေပဲ အားလုံးအကျိုးရနေတာလို့ စဉ်းစားမိတယ်။ အိမ်ပြန်ရောက်တော့ လန်းဆန်းတက်ကြွနေလိုက်တာ။ အိမ်မှာမနေလိုက်တာ သိပ်မှန်သွားတယ်။
အခုအချိန်မှာ ခရစ်ယာန်အမှုဆောင်လုပ်ငန်းဟာ ဘုရားသခင့် နိုင်ငံတော်ရဲ့ အဓိကလုပ်ငန်းဖြစ်တယ်။ နောက်ဆုံးကာလအတွင်းမှာ ဟောပြောခြင်းလုပ်ငန်းဟာ အံ့ဩစရာကောင်းလောက်အောင် ကြီးမားကျယ်ပြန့်လာမယ်လို့ ယေရှု ကြိုဟောခဲ့တယ်။ (မ. ၂၄:၁၄) ဒီကြိုဟောချက် ဘယ်လိုပြည့်စုံနေသလဲ။ ဒီအပိုင်းမှာ အမှုဆောင်လုပ်ငန်းအတွက် သိပ်အရေးကြီးတဲ့ နည်းလမ်းတွေ၊ ကိရိယာတွေ၊ လူတွေအကြောင်း ဆွေးနွေးကြမယ်။ ဒီလုပ်ငန်းက ကမ္ဘာတစ်၀န်းကသန်းနဲ့ချီသူတွေကို ဘုရားသခင့်နိုင်ငံတော် တကယ်တည်ရှိကြောင်း သိမြင်လာဖို့ ကူညီပေးနေပါတယ်။