ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bm အပိုင်း ၃ စာ. ၆
  • ရေလွှမ်းမိုးဘေးမှ လွတ်မြောက်သူများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရေလွှမ်းမိုးဘေးမှ လွတ်မြောက်သူများ
  • သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • “နောဧနှင့် လူခုနစ်ဦးတို့ကို ကယ်တင်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ‘စစ်မှန်သောဘုရားသခင်နှင့်အတူ သွားလာသူ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ရေလွှမ်းမိုးဘေး သတိပေးချက်ကို ဘယ်သူတွေ နားထောင်ပြီး ဘယ်သူတွေ နားမထောင်ခဲ့ကြသလဲ
    ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ
  • “ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူ”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
bm အပိုင်း ၃ စာ. ၆
မိုးရွာပြီး ရေလွှမ်းမိုးချိန်မှာ ပေါလောမျောနေ သင်္ဘော

အပိုင်း ၃

ရေလွှမ်းမိုးဘေးမှ လွတ်မြောက်သူများ

ဘုရားသခင်သည် ဆိုးသွမ်းသောလူ့လောကကို ဖျက်ဆီးကာ နောဧနှင့်သူ့မိသားစုကို ကယ်တင်သည်

ကမ္ဘာပေါ်တွင် လူဦးရေတိုးပွားလာသည်နှင့်အမျှ အပြစ်နှင့်ဆိုးသွမ်းမှုတို့လည်း အလျင်အမြန် ပျံ့နှံ့သွားသည်။ ဧနောက်သည် ဘုရားသခင်၏ တစ်ဦးတည်းသောပရောဖက်ဖြစ်ပြီး ဆိုးသွမ်းသူများကို တစ်နေ့တွင် ကိုယ်တော်ဖျက်ဆီးမည်ဟု သတိပေးခဲ့သည်။ သို့သော် ဆိုးသွမ်းမှုသည် တစ်နေ့တခြား တိုးများလာပြီး အခြေအနေပိုဆိုးလာသည်။ ကောင်းကင်တမန်အချို့သည် ယေဟောဝါကို ပုန်ကန်သည့်အနေဖြင့် ကောင်းကင်ရှိ ၎င်းတို့၏သတ်မှတ်နေရပ်ကို စွန့်ပစ်ကာ မြေကြီးပေါ်ဆင်းလာပြီး လူ့အသွင်ကိုယူဆောင်၍ လူမိန်းမများနှင့် ရမ္မက်ကြီးစွာစုံဖက်ကြလေသည်။ သဘာဝမကျသော ထိုပေါင်းဖက်မှုကြောင့် နက်ဖလင်ဟုခေါ်သော သာမန်ထက်ပို၍သန်စွမ်းသည့် လူ့ဘီလူးကြီးများ မွေးဖွားလာရာ ၎င်းတို့သည် ကမ္ဘာပေါ်တွင် အကြမ်းဖက်မှုနှင့် သွေးထွက်သံယိုဖြစ်မှုတို့ကို တိုးများလာစေသည်။ ဘုရားသခင်သည် မြေကြီးပေါ်ရှိလူသားများ ယိုယွင်းပျက်စီးနေသည်ကို မြင်တွေ့သောအခါ အလွန်ပင် စိတ်နာကျင်ခဲ့ရသည်။

ဧနောက်သေဆုံးပြီးနောက် ဆိုးသွမ်းသောထိုခေတ်တွင် အများနှင့်မတူသောလူတစ်ဦး ပေါ်လာသည်။ သူ၏အမည်မှာ နောဧဖြစ်သည်။ သူနှင့်သူ့မိသားစုသည် ဘုရားသခင့်အမြင်တွင် မှန်ရာကို ကြိုးစားလုပ်ဆောင်ကြ၏။ ထို့ကြောင့် ထိုခေတ်ရှိဆိုးသွမ်းသောလူတို့ကို ဖျက်ဆီးရန် ဘုရားသခင်ဆုံးဖြတ်သောအခါ နောဧနှင့် ကမ္ဘာပေါ်ရှိတိရစ္ဆာန်များကို ကိုယ်တော် ကာကွယ်လိုသည်။ သို့နှင့် ဘုရားသခင်သည် သူ့အား လေးထောင့်ပုံစံ သင်္ဘောကြီးတစ်စင်းကို တည်ဆောက်ရန် မိန့်တော်မူသည်။ နောဧ၊ သူ၏မိသားစုနှင့် တိရစ္ဆာန်အမျိုးမျိုးတို့သည် ရေလွှမ်းမိုးဘေးကြီးကျရောက်လာသောအခါ ထိုသင်္ဘောထဲတွင် အသက်ရှင်လွတ်မြောက်စေရန်ဖြစ်သည်။ နောဧသည် ဘုရားသခင်ကို နာခံခဲ့၏။ သူသည် ထိုသင်္ဘောကို ဆယ်စုနှစ်နှင့်ချီ၍ တည်ဆောက်ခဲ့သည့်အပြင် “ဖြောင့်မတ်ခြင်းတရားဟောပြောသူ” တစ်ဦးလည်း ဖြစ်ခဲ့သည်။ (၂ ပေတရု ၂:၅) မကြာမီ ရေလွှမ်းမိုးဘေးကြီးကျရောက်တော့မည်ဟု သူ သတိပေးသော်လည်း လူတို့နားမထောင်ကြချေ။ နောဧနှင့်သူ့မိသားစုသည် တိရစ္ဆာန်များနှင့်အတူ သင်္ဘောထဲဝင်ရမည့်အချိန်ရောက်လာသည်။ သင်္ဘောထဲ သူတို့ဝင်ပြီးနောက် ဘုရားသခင်သည် သင်္ဘောတံခါးကို ပိတ်လိုက်သည်။ ထိုအခါ မိုးရွာချလေတော့သည်။

ရက်ပေါင်း ၄၀ တိုင်တိုင် ဆက်တိုက်မိုးရွာသဖြင့် ကမ္ဘာမြေတစ်ခုလုံး ရေဖုံးလွှမ်းသွားသည်။ ဆိုးသွမ်းသူများ သေဆုံးသွားကြသည်။ လအတော်ကြာပြီးနောက် ရေတဖြည်းဖြည်းကျလာပြီး သင်္ဘောသည် တောင်တစ်လုံးပေါ်တွင် တင်နေ၏။ နောဧမိသားစုနှင့်တိရစ္ဆာန်များသည် သင်္ဘောပေါ်တွင် တစ်နှစ်ကြာနေခဲ့ရပြီးနောက် သင်္ဘောထဲမှ ဘေးမသီရန်မခဘဲ ထွက်လာကြသည်။ နောဧသည် ယေဟောဝါ၏ကျေးဇူးတော်ကို ချီးမွမ်းကာ ယဇ်ပူဇော်လေသည်။ ဘုရားသခင်ကလည်း နောင်မည်သည့်အခါမျှ မြေကြီးပေါ်မှသက်ရှိအားလုံးကို ရေလွှမ်းမိုးဘေးဖြင့် ဖျက်ဆီးတော့မည်မဟုတ်ကြောင်း နောဧနှင့်သူ့မိသားစုကို စိတ်ချစေခဲ့သည်။ နှစ်သိမ့်မှုဖြစ်စေသော ထိုကတိတော်ကို အမြဲအမှတ်ရနေရန် မြင်နိုင်သောသက်သေအဖြစ် သက်တံ့ကို ယေဟောဝါ ဖြစ်ပေါ်စေသည်။

ရေလွှမ်းမိုးဘေးပြီးနောက် ဘုရားသခင်သည် လူတို့ကို ပညတ်သစ်အချို့ပေးခဲ့သည်။ တိရစ္ဆာန်အသား စားခွင့်ပေးသည်။ သို့သော် အသွေးစားခြင်းကိုမူ တားမြစ်ခဲ့သည်။ နောဧ၏သားစဉ်မြေးဆက်များကို ကမ္ဘာတစ်ခွင် အနှံ့အပြားနေထိုင်ရန် မိန့်မှာသော်လည်း အချို့သူတို့ မနာခံခဲ့ကြချေ။ လူတို့သည် နိမ်ရောဒကို ခေါင်းဆောင်တင်မြှောက်ကာ ဘေဘဲလ်ဟုခေါ်သောမြို့တွင် ရဲတိုက်ကြီးတစ်ခုကို စတင်တည်ဆောက်ကြသည်၊ ထိုမြို့ကို နောက်ပိုင်းတွင် ဗာဗုလုန်ဟုခေါ်သည်။ ၎င်းတို့၏ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ခွင်သို့ လူသားများ ပျံ့နှံ့စေရမည်ဟူသည့် ဘုရားသခင့်မိန့်မှာချက်ကို ဆန့်ကျင်ရန်ဖြစ်သည်။ သို့သော် ဘုရားသခင်သည် သူတို့၏ဘာသာစကားကို ရှုပ်ထွေးစေကာ ဘာသာစကားအမျိုးမျိုး ပေါ်ပေါက်လာစေခြင်းဖြင့် ပုန်ကန်သူများကို တားဆီးခဲ့သည်။ လူတို့သည် တစ်ဦးစကားတစ်ဦး နားမလည်တော့သည့်အခါ ၎င်းတို့၏စီမံကိန်းကို စွန့်လွှတ်ပြီး အရပ်ရပ်သို့ ပျံ့နှံ့သွားကြတော့သည်။

—ကမ္ဘာဦးအခန်းကြီး ၆ မှ ၁၁; ယုဒ ၁၄၊ ၁၅ ကိုအခြေခံသည်။

  • ကမ္ဘာပေါ်တွင် ဆိုးသွမ်းမှုများ မည်သို့ပျံ့နှံ့သွားခဲ့သနည်း။

  • နောဧသည် သစ္စာရှိသူတစ်ဦးဖြစ်ကြောင်း မည်သို့သက်သေပြခဲ့သနည်း။

  • ရေလွှမ်းမိုးဘေးပြီးနောက်တွင် ဘုရားသခင်သည် လူသားတို့ကို အဘယ်အရာမစားရန် တားမြစ်ခဲ့သနည်း။

ဘုရားသခင်နှင့်အတူလျှောက်လှမ်းခြင်း

အာဒံနှင့်ဧဝ၏ သားစဉ်မြေးဆက်အများစုသည် ယေဟောဝါ၏အုပ်စိုးမှုကို ငြင်းပယ်ခဲ့၏။ သို့သော် ၎င်းတို့၏သား၊ သစ္စာရှိသော အာဗေလမှစ၍ အချို့သူတို့သည် ကိုယ်တော်၏အုပ်စိုးမှုကို လက်ခံခဲ့ကြသည်။ နောက်ပိုင်းတွင် ဧနောက်နှင့် နောဧနှစ်ဦးစလုံးသည် ဘုရားသခင်နှင့်အတူလျှောက်လှမ်းခဲ့ကြသည်၊ ဆိုလိုသည်မှာ သူတို့သည် ယေဟောဝါနှစ်သက်သည့်လမ်းစဉ်အတိုင်း အသက်ရှင်ခဲ့ကြသည်။ (ကမ္ဘာဦး ၅:၂၂; ၆:၉) သူတို့နည်းတူ ဘုရားသခင်ကို မိမိတို့အုပ်စိုးရှင်အဖြစ် ရွေးချယ်ခဲ့သော အမျိုးသားအမျိုးသမီးများအကြောင်း ကျမ်းစာမှတ်တမ်းအများစုတွင် အလေးပေးဖော်ပြထားသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ