နောက်ကျောအဖုံး
မျက်နှာဖုံးဓာတ်ပုံကို ၁၉၉၅ ခုနှစ်တွင် အာကာသအဝေးကြည့်မှန်ပြောင်းမှ ရိုက်ယူခဲ့သည်။ ဤဓာတ်ငွေ့ဖုန်မှုန့် တိမ်တိုက်ကြီးများသည် အီးဂဲလ်နက်ဗျူလာအတွင်း တည်ရှိကြသည်။ “ဖန်ဆင်းခြင်းမဏ္ဍိုင်များ” ဟူ၍ခေါ်တွင်သော ဤတိမ်တိုက်များအတွင်း ကြယ်တာရာများဖြစ်တည်ကြသည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။
စကြဝဠာမှစ၍ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်နှင့် ကမ္ဘာဂြိုဟ်ပေါ်ရှိ ကျွန်ုပ်တို့၏အသက်တို့ကိုမည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဤအကြောင်းသည် ကျေနပ်ဖွယ်ကောင်းသော ဘဝအဓိပ္ပာယ်ရှာပုံတော်နှင့် မည်သို့ဆက်နွှယ်သနည်းဟူ၍ ကျွန်ုပ်တို့စောကြောခြင်းသည် ထင်ရှားကျော်ကြားသူများနည်းတူ တွေးတောဆင်ခြင်ရာရောက်၏။
ကျွန်ုပ်တို့အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါးရှိသည်ဟူ၍ ဖန်ဆင်းခြင်းကိုယုံကြည်သူ လူအများရှိသည်။ ဤယုံကြည်ချက်သည် သိပ္ပံခေတ်ကြီးတွင် အကျိုးသင့်အကြောင်းသင့်ရှိကြောင်း သုတေသနပြုချက်တို့က ဖော်ညွှန်းသလော။
ကျွန်ုပ်တို့၏ဦးနှောက်နှင့် စကားပြောနိုင်သည့်စွမ်းရည်တို့နှင့်စပ်လျဉ်း၍ လတ်တလောရှာဖွေတွေ့ရှိချက်များသည် ပဓာနကျသောဤအကြောင်းနှင့် မည်သို့ဆက်စပ်မှုရှိသနည်း။
ပညာတတ်အများက သမ္မာကျမ်းစာကို အဘယ်ကြောင့် စူးစမ်းလေ့လာကြသနည်း။ ဖန်ဆင်းရှင်အကြောင်း သမ္မာကျမ်းစာ၏ဖော်ပြချက်များသည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ချစ်ရသူများအဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
ဤစာအုပ်တွင် ဤအကြောင်းတို့ကို သုံးသပ်တင်ပြထားပါသည်။ ဤတွင်ဖော်ပြသည့် ရှင်းလင်းပြတ်သားသောအဖြေများက သင့်ဘဝကို အဓိပ္ပာယ်ပို၍ပြည့်ဝစေ၍ ပျော်ရွှင်ချမ်းမြေ့သောအနာဂတ်အတွက် အခြေခံအုတ်မြစ်ချရန် အထောက်အကူပေးနိုင်ကြောင်း သင်တွေ့ရှိရပါလိမ့်မည်။