သင်ခန်းစာ ၁၆
တည်ဆောက်မှုဖြစ်စေသော စကားစမြည်ပြောဆိုခြင်း
၁၊ ၂။ ကျွန်ုပ်တို့၏အပြောအဆိုသည် မည်သို့ဖြစ်သင့်သနည်း။
၁ နေ့စဉ် စကားစမြည်ပြောဆိုရာတွင် ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းခွင့် ရရှိကြသည်။ “အကျွန်ုပ်တို့သည် မခြားမလပ် ဘုရားသခင်၌ဝါကြွား၍ နာမတော်ကို အစဉ်အမြဲချီးမွမ်းကြပါ၏” ဟူ၍ ကျမ်းစာဆာလံဆရာ ရေးသားခဲ့သည်။ ယင်းသည် ဘုရားသခင်ကိုဝတ်ပြုသူအားလုံးတို့၌ ရှိသင့်ရှိအပ်သော ချီးမွမ်းဖွယ်ကောင်းသည့် စိတ်ထားမဟုတ်ပေလော။ ယင်းက ယေဟောဝါအလိုတော်နှင့်အညီ ကျွန်ုပ်တို့နှုတ်ခမ်းများကိုအသုံးပြုရန် ဆုံးဖြတ်ချက်ရှိခြင်း၏လက္ခဏာဖြစ်သည်။—ဆာ. ၄၄:၈။
၂ ဤသို့ဆုံးဖြတ်ထားခြင်းသည် အရေးကြီး၏။ အကြောင်းမူကား မွေးရာပါမစုံလင်မှုကြောင့် သူတစ်ပါးကို တည်ဆောက်ပေးမည့်အစား ဆွဲချသောစကားများကိုပြောဆိုတတ်သောဉာဉ်ရှိကောင်းရှိမည်။ (ယာ. ၃:၈-၁၂) ထို့ကြောင့် “ကြားနာသောသူတို့၏အကျိုးကိုပြုစုစေခြင်းငှာ တည်ဆောက်စရာဖို့ ကောင်းသောစကားကိုသာ သုံးဆောင်ကြ” ရန် ကျမ်းစာအားပေးချက်ကို အမြဲစိတ်စွဲလမ်းထားခြင်းသည် အလွန်ကောင်းပေသည်။—ဧ. ၄:၂၉။
၃၊ ၄။ စကားစမြည်ပြောဆိုသည်တွင် အဘယ်အရာပါဝင်ပြီး ၎င်းကို မည်သည့်နေရာ၌ လေ့ကျင့်နိုင်သနည်း။
၃ စကားစမြည်ပြောဆိုခြင်း၌ အပြန်အလှန်စကားပြောဆိုမှုပါဝင်သောကြောင့် ပြောဆိုသူသည် တစ်လှည့်နားထောင်ပေးရမည်။ ဆောက်တည်မှုပေးသောစကားများကို ပြောဆိုပါ။ သူတစ်ပါးအားလည်း ပြောဆိုခွင့်ပေးပါ။ အပ်စပ်တော်လျော်သောမေးခွန်းများမေးပြီး စကားပြောဆိုသူ၏အကြံအစည်ကို နှိုက်ထုတ်ယူနိုင်စွမ်းကိုမွေးမြူပါ။ ထို့နောက် သူစကားပြောဆိုစဉ် မိမိသည် ရှေ့ဆက်ဘာပြောရမည်ကို စဉ်းစားမည့်အစား သူ့စကားကို စိတ်ပါလက်ပါ နားထောင်ပါ။ သို့ပြုရုံမျှနှင့် ဆောက်တည်မှုပေးမည်။
၄ ဆောက်တည်သောစကားပြောဆိုနိုင်ခွင့် များစွာရှိသည်။ ဥပမာ၊ မိသားစုနှင့်အတူ အိမ်တွင်ရှိသည့်အခါ; လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် ကျောင်းနေဖက်များနှင့်ရှိသည့်အခါ; ယုံကြည်သူချင်းတို့နှင့် ပေါင်းသင်းသည့်အခါများ၌ဖြစ်သည်။ ဓမ္မအမှုကျောင်းတွင် ဟောပြောချက်တာဝန်ကျချိန်များတွင် စကားစမြည်ပြောဆိုနိုင်စွမ်းကို တိုးတက်စေရန် အခွင့်အရေးရရှိသည်။
၅–၇။ အိမ်ထောင်တွင်း၊ အထူးသဖြင့် အစာစားချိန်တွင် စကားလက်ဆုံပြောဆိုခြင်းကို မည်သို့တိုးတက်စေနိုင်သနည်း။
၅ အိမ်တွင်။ အိမ်တွင် စကားစမြည်ပြောဆိုခြင်းသည် အိမ်ထောင်သာယာမှုကို များစွာပြုစုသည်။ ထို့ကြောင့် ပြောဆိုမှုတိုး၍ကောင်းလာစေရန် ကြိုးစားအားထုတ်ထိုက်၏။ ဇနီးမောင်နှံတို့သည် တစ်ဦးစကားတစ်ဦး စိတ်ဝင်စားစွာ နားထောင်ပါက နှစ်ဦးစလုံး စိတ်သုခရကြသည်။ သားသမီးများကလည်း မိမိတို့စကားကို မိဘများ စိုးရိမ်မကင်းစိတ်နှင့် နားထောင်ပေးလျှင် များစွာနှစ်သက်ကြ၏။ သို့သော် တစ်ဦးစကားပြောနေစဉ် ကိုယ်ကကြားဖြတ်ပြောမည်၊ မဂ္ဂဇင်းတစ်စောင်ကို ကိုင်ဖတ်နေမည်၊ သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် စိတ်ဝင်စားမှုမပြပါက သင့်အိမ်တွင် စကားစမြည်ပြောဆိုမှုသည် ပျက်ပြားသွားပါလိမ့်မည်။ မိမိပြောဆိုလိုသည့်စကားကို စိတ်မဝင်စားသူတစ်ဦးနှင့် မည်သူမျှ စကားပြောလိုမည်မဟုတ်ပါ။
၆ ဆောက်တည်မှုပေးသောစကားများကို အစာစားချိန်တွင် မိသားစုပြောဆိုခွင့်ရ၏။ ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုခြင်း စာအုပ်ငယ် (သို့မဟုတ် အချို့ဘာသာစကားတွင် ကင်းမျှော်စင်၌) ပါထိုနေ့ရက်အတွက်ကျမ်းချက်ကို နေ့စဉ်အစာစားချိန်တစ်ချိန်တွင် ဆွေးနွေးပြောဆိုနိုင်သည်။ အခြားအစာစားချိန်များတွင်မူ နောက်ဆုံးထုတ် ကင်းမျှော်စင် သို့မဟုတ် နိုးလော့!မှ အကြောင်းများကိုဆွေးနွေးခြင်းသည် စိတ်ဝင်စားစရာကောင်းပြီး အကျိုးလည်းပြုသည်။ သို့သော် လွတ်လပ်စွာစကားမပြောဆိုနိုင်၊ အစာကို မြိန်ရေရှက်ရေမစားနိုင်သည်အထိ အစာစားချိန်တွင် အစီအစဉ်ကျနလွန်းစွာ စကားပြောဆိုခြင်း မဖြစ်စေပါနှင့်။
၇ အစာစားချိန်တွင် ဆောက်တည်မှုပေးသောစကားစမြည်ပြောဆိုမှုရှိရန် မိသားစုဝင် ယောက်တိုင်း ပြုလုပ်ပေးနိုင်သည်။ ဤအချိန်အခါတွင် မကျေမနပ်မှုများကို ဖော်ထုတ်စရာမဟုတ်; ထိုသို့ပြုခြင်းက အစာမကြေစေပါ။ သို့သော် တစ်နေ့တာအတွင်း သိသင့်သိအပ်ရာများ၊ ရယ်ရွှင်ဖွယ်ရာများ ကြားကြရတတ်သည်။ လယ်ကွင်းဓမ္မအမှုတွင် တွေ့ကြုံမှုကောင်းတစ်ခုခု ကြုံကြိုက်ခဲ့မည်။ စိတ်ဝင်စားစရာအကြောင်းတစ်ခုကို သတင်းစာတွင် ဖတ်လိုက်ရပေမည်၊ ရေဒီယိုတွင် ကြားလိုက်ရပေမည်။ အစာစားချိန်တွင် ယင်းကိုပြောပြဖို့ မှတ်ထားပါ။ မကြာမီ လျင်မြန်စွာအစာစားပြီး ကိုယ်စီထွက်သွားကြမည့်အစား အတူတကွစကားစမြည်ပြောဆိုကာ အစာစားချိန်ကို အားလုံးစောင့်မျှော်လာကြလိမ့်မည်။
၈–၁၀။ မိဘနှင့်သားသမီးနှစ်ကိုယ်ကြား စကားပြောဆိုခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။ မိဘများက သူတို့ကို မည်သို့အားပေးနိုင်သနည်း။
၈ မိဘများအနေနှင့်လည်း သားသမီးတစ်ဦးစီကို အချိန်ပေး၍ နှစ်ကိုယ်ကြားစကားပြောဆိုရန် အရေးကြီးသည်။ အိမ်တွင်ဖြစ်စေ၊ လမ်းလျှောက်သွားစဉ်ဖြစ်စေ အေးအေးဆေးဆေး စကားပြောဆိုခြင်းက အကျိုးများစွာပေးသည်။ ကြီးပြင်းလာစဉ် ခန္ဓာကိုယ်တွင်း ဖြစ်ပေါ်လာမည့် အပြောင်းအလဲများအတွက် ဤသို့ကြိုတင်ပြောဆိုထားခြင်းက လူငယ်တစ်ဦးအား အသင့်ပြင်ဆင်မှုရှိစေလိမ့်မည်။ ထို့ပြင် ဤဆွေးနွေးခန်းများအားဖြင့် လူငယ့်စိတ်နှလုံးထဲရှိ အရာများ၊ သူ၏စိတ်ဆန္ဒ၊ သူ့ရည်မှန်းချက်များကို သိရှိစေပြီး ယင်းတို့ကို အကျိုးဖြစ်ထွန်းစွာပုံသွင်းပေးခွင့်ရရှိစေသည်။
၉ စကားစမြည်ပြောဆိုစဉ် သင့်ကလေးက သူကြုံခဲ့သော အခက်အခဲများအကြောင်း ဖော်ပြလိုက်ရာ သူ့အား ချက်ချင်းဆိုဆုံးမမည်ဆိုလျှင် ထိုတွင်ပင် စကားရပ်တန့်သွားပေမည်။ သူကလည်း အတိတ်ကဤအဖြစ်အပျက်ကို သတိရပြီး နောက်တစ်ဖန် ယင်းကဲ့သို့သောကိစ္စများကို မပြောပြဘဲနေပေမည်။ စူးစိုက်နားထောင်ပြီး နားလည်မှုရှိရှိ မေးခွန်းများမေးမြန်းခြင်းက အကောင်းဆုံးဖြစ်သည်။ ထို့နောက် ကျမ်းစာမူများအတိုင်းမဟုတ်ဘဲ သွေဖည်ပြီးပြုမူခဲ့ရာများကို ပြုပြင်ပေးရန် ကြင်နာမှုဖြင့်ကြပ်မတ်ပေးနိုင်သည်။
၁၀ ပျော်ရွှင်သောမိသားစုဘဝအတွက် စကားစမြည်ပြောဆိုမှုသည် မရှိမဖြစ်လိုအပ်ပါသည်။ သို့သော် တစ်ချိန်လုံး စကားပြောဆိုနေသူရှိရမည်ဟု မဆိုလိုပါ။ အမှန်မှာ တစ်ခါတစ်ရံ ကိုယ့်အတွေးနှင့်ကိုယ် ဖြစ်ပျက်ခဲ့ရာများကို တစ်ဦးတည်း စဉ်းစားဆင်ခြင်ခြင်းသည် ကောင်း၏။ ထို့ကြောင့် မိသားစုဝင်များက တိတ်ဆိတ်ငြိမ်သက်ချိန်များကို တန်ဖိုးထားကြသည်။
၁၁၊ ၁၂။ ပုံမှန်လယ်ကွင်းဓမ္မအမှုဆောင်ခြင်းအပြင် သက်သေခံရန် အဘယ်အခွင့်အလမ်းများရှိသနည်း။
၁၁ သက်သေခံရန် အခွင့်အလမ်းရှာခြင်း။ ပင်ကိုအတိုင်း စကားပြောဆိုနိုင်စွမ်းက ဓမ္မအမှုကို မည်သို့အကျိုးပြုသနည်း။ သက်သေခံအချို့သည် အဘယ်ကြောင့်တွေ့ကြုံမှုကောင်းများ အမြဲရရှိပုံရှိသနည်း။ သူတို့ကိုယ်နှိုက်က စကားစမြည်စတင်ပြောဆိုခဲ့၍ဖြစ်နိုင်မည်လော။ နယပုံပြင်ကျမ်းက ဤသို့ဆိုသည်– “ပညာရှိသောသူ၏နှုတ်ခမ်းတို့သည် ပညာအတတ်ကို စွန့်ကြဲတတ်၏။”—သု. ၁၅:၇။
၁၂ လယ်ကွင်းဓမ္မအမှုတွင် မှန်မှန်ပါဝင်သည့်အပြင် ယေဟောဝါအကြောင်း လူတို့အားပြောဆိုရန် အခွင့်အလမ်းများစွာရှိသည်။ ဥပမာ၊ ခရစ်ယာန်အိမ်ရှင်မများသည် အိမ်နီးချင်း သို့မဟုတ် ဈေးသည်များကို သက်သေခံနိုင်သည်။ ကလေးများသည် ကျောင်းသို့အသွား သို့မဟုတ် အတန်းတစ်တန်းနှင့်တစ်တန်းအကူးတွင် အခွင့်အလမ်းရှာပြီး ကျမ်းစာအကြောင်းပြောဆိုနိုင်သည်။ အိမ်ပြင်ထွက်၍ အလုပ်လုပ်ကိုင်ရသူများမူ နေ့လယ်အစာစားချိန်တွင် သက်သေခံခွင့်ရပေမည်။ ပန်းခြံတွင် လမ်းလျှောက်စဉ်၊ ဈေးဆိုင်တစ်ခုတွင် သို့မဟုတ် ဘတ်စကားစောင့်ရာတွင် တန်းစီနေစဉ် သူတစ်ပါးအား ဆောက်တည်မှုပေးသောစကားများကို ပြောဆိုနိုင်ပါသည်။ နိုင်ငံတော်သတင်းဟောပြောခြင်းကို ပိတ်ပင်ထားသောနိုင်ငံအချို့တွင် အလွတ်သဘောသက်သေခံခြင်းအားဖြင့် ဓမ္မအမှုကို ဆောင်ရွက်ကြရသည်။ ဤနည်းသည် ထိရောက်ကြောင်း ထိုနေရာများတွင် စစ်မှန်သောဘုရားသခင်၏ကျေးကျွန်များ အရေအတွက် အလျင်အမြန်တိုးတက်လာခြင်းက သက်သေထူသည်။
၁၃–၁၆။ သက်သေခံနိုင်ရန် စကားစမြည်ပြောဆိုဖို့ လမ်းစဖွင့်ပေးသော အဘယ်နည်းများရှိသနည်း။
၁၃ အခြေအနေအမျိုးမျိုး၌ သက်သေခံခွင့်ရရှိရန် ခင်မင်သောစကားတစ်လုံးသာ စတင်ပြောဆိုဖို့လိုပေမည်။ ယေရှုက ပုံသက်သေပြတော်မူခဲ့သည်။ ရှမာရိနယ်တွင်ရှိ ရေတွင်းတစ်ခုသို့ မွန်းလွဲချိန်တစ်ချိန်တွင် ယေရှုအနားယူရန် ရောက်သွားတော်မူသောအခါ ရေလာခပ်သောအမျိုးသမီးတစ်ဦးကို ကိုယ်တော် ရေတောင်းသောက်တော်မူသည်။ ဂျူးတို့သည် ရှမာရိတို့နှင့် စကားပြောဆိုလေ့မရှိသည့်အတွက် သူမသည် စိတ်ဝင်စားစွာဖြင့် မေးခွန်းမေးခဲ့ရာ ယေရှုက မိမိ၌ ထာဝရအသက်ကိုပေးနိုင်သောရေရှိသည်ဟု ဖြေဆိုလေသော် သူမ ပိုမိုစိတ်ဝင်စားသွားသည်။ ယင်းကြောင့် သူမကိုသက်သေခံရန် အခွင့်အလမ်းရရှိသွားသည်။ ကိုယ်တော်သည် ရှည်ရှည်ဝေးဝေးစကားစတင်၍ သက်သေခံခဲ့သည်မဟုတ်ကြောင်း သတိပြုပါ; လမ်းခင်းပေးရန် ခင်မင်စွာစကားပြောဆိုတော်မူသည်။—ယော. ၄:၅-၄၂။
၁၄ သင်လည်း ဤသို့သော ဆောက်တည်မှုဖြစ်စေသည့် စကားစမြည်ပြောဆိုမှုများကို စတင်နိုင်ပါသည်။ ဘတ်စကားစောင့်နေစဉ် ညစ်ညမ်းမှု သို့မဟုတ် စစ်မှုနှင့်ပတ်သက်သည့် သတင်းစာ သို့မဟုတ် မဂ္ဂဇင်းမှ ဆောင်းပါးတစ်ခုခုကို ညွှန်ပြပြီး ဤသို့မေးနိုင်မည်– “လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း အခြေအနေတွေ ဘာကြောင့် ဒီလောက်ဆိုးရွားလာတယ်လို့ထင်သလဲ။ တစ်ကမ္ဘာလုံး ပျော်ရွှင်သာယာစရာဖြစ်မဲ့အချိန် ရောက်လာလိမ့်မယ်ထင်လား။” မိမိအရပ်ဒေသတွင် နောက်ဆုံးဖြစ်ပေါ်သောပြဿနာတစ်ခုအကြောင်း စပြောဆိုပြီး ဤသို့မေးခြင်းသည်လည်း ထိရောက်ကြောင်း တွေ့ရှိခဲ့ရပြီ– “ဒါကိုဖြေရှင်းနိုင်မဲ့နည်းက ဘာဖြစ်မယ်ထင်သလဲ။” စကားစမြည်ပြောဆိုစဉ် စစ်မှန်သောဖြေရှင်းနည်းဖြစ်သည့် ဘုရားသခင်၏နိုင်ငံတော်အကြောင်း ရောက်သွားနိုင်သည်။ ပိုင်းခြားနားလည်မှုကို အသုံးပြုရန်ကားလိုပေမည်။ တုံ့ပြန်မှုမရှိလျှင် ဆက်စကားပြောဆိုနေမည်မဟုတ်ပါ။ သို့သော် ရေတွင်းရှိ ရှမာရိအမျိုးသမီးနည်းတူ နားထောင်သူအချို့ကို တွေ့ရှိပါလိမ့်မည်။
၁၅ ဘုရားသခင့်နှုတ်ကပါဌ်တော်အကြောင်း ပြောဆိုရန် အခွင့်အလမ်းရှာနိုင်သည့် အခြားတစ်နည်းမှာ မြင်လွယ်သည့်နေရာများတွင် စာတိုစာတမ်းများထားခြင်းဖြစ်သည်။ အိမ်တွင် ဤသို့ပြုလေ့ရှိသည့်အခါ ဧည့်သည်များက ယင်းနှင့်ပတ်သက်၍ တစ်မျိုးတစ်မည်ပြောဆိုတတ်ရာ သက်သေခံနိုင်ဖို့ အခွင့်အလမ်းကောင်း ပွင့်သွားစေသည်။ ကျောင်းတက်နေမည်ဆိုလျှင် သင့်စားပွဲခုံပေါ် စာအုပ်၊ သို့မဟုတ် မဂ္ဂဇင်းတစ်စောင်စောင် တင်ထားခြင်းအားဖြင့် တစ်ဦးတစ်ယောက်က “အဲ့ဒါဘာလဲ” ဟုမေးမြန်းလာစရာအကြောင်းပေါ်စေသည်။ ထိုအခါ ပြောပြခွင့်ရပြီး သက်သေခံနိုင်သည်။ သို့မဟုတ် နေ့လယ်အစာစားချိန်၊ သို့မဟုတ် ခရီးသွားလာချိန်တွင် ကျမ်းစာစာပေတစ်ခုခု ဖတ်မည်ဆိုလျှင် စပ်စုသူများအား ဘုရားသခင့်နိုင်ငံတော်အကြောင်း ပြောပြရန် အခွင့်အလမ်းပေါ်နိုင်သည်။
၁၆ အသိမိတ်ဆွေများနှင့် စကားပြောဆိုရာတွင်လည်း ကျမ်းစာသမ္မာတရားသို့ ဆွဲယူနိုင်သည်။ ဘယ်ကိုသွားခဲ့သည်၊ ဘာကိုတွေ့ခဲ့သည်၊ ကြားခဲ့သည်၊ ဘာလုပ်မည် စသည့်အကြောင်းများကို ပြောတတ်သည်ဖြစ်သောကြောင့် သင်ဘာလုပ်ခဲ့သည့်အကြောင်း ပြောပြနိုင်သည်။ တိုက်နယ်စည်းဝေးပွဲတစ်ခုကိုတက်ခဲ့ပြီးနောက် လုပ်ဖော်ကိုင်ဖက် သို့မဟုတ် အိမ်နီးချင်းတစ်ဦးအား ဘယ်ကိုရောက်ခဲ့သည့်အကြောင်းနှင့် အဓိကဟောပြောချက်၏ခေါင်းစဉ်ကို ပြောပြပါ; ယင်းအကြောင်း သူမေးမြန်းလာပေမည်။ အခြားသူတို့က သူတို့ဘာလုပ်တတ်သည်ကို ပြောသကဲ့သို့ ကင်းမျှော်စင် သို့မဟုတ် နိုးလော့! မှသင်ဖတ်ခဲ့ရသောအကြောင်းတစ်ခုခုကို ပြောပြပါ။ တုံ့လှည့်လိုသူက မေးမြန်းစူးစမ်းသည့်အခါ ထပ်ဆင့်သက်သေခံခွင့်ရရှိပေမည်။ ဘုရားသခင့်ရည်ရွယ်ချက်များကို အာရုံပြုစေသောစကားများသည် အမှန်ပင်ဆောက်တည်ပေးပါသည်။
၁၇–၂၀။ သက်သေခံအချင်းချင်းနှင့် စကားပြောဆိုရာတွင် ဆောက်တည်မှုပေးသော အဘယ်အကြောင်းများကို ပြောဆိုနိုင်သနည်း။
၁၇ ယုံကြည်သူချင်းတို့နှင့်အတူရှိသည့်အခါ။ ဝိညာဏညီအစ်ကိုညီအစ်မများနှင့် ပေါင်းသင်းဆက်ဆံသောအခါလည်း သတင်းကောင်း၏ဓမ္မအမှုဆောင်များ ပြောဆိုထိုက်သော စံတင်စကားများကို ပြောဆိုသင့်သည်။ ယင်း၏ရည်ရွယ်ချက်မှာ အချိန်ကုန်ရုံအတွက်သာမဟုတ်ဘဲ ဆောက်တည်မှုဖြစ်စေရန်အတွက်ဖြစ်သည်။
၁၈ နိုင်ငံတော်ခန်းမတွင် စည်းဝေးမတိုင်မီနှင့် အပြီးတွင် ဆောက်တည်မှုဖြစ်စေသောစကားများကိုပြောဆိုရန် အခွင့်အလမ်းများစွာရှိသည်။ စည်းဝေးပြီးသည်နှင့် တန်းထွက်သွားသည့်အကျင့် မလုပ်ပါနှင့်။ အတွေ့အကြုံရင့်ကျက်သည့် အသက်ကြီးသူများ၊ ရှက်တတ်ပြီး မိမိဘာသာနေတတ်သူများနှင့်ပါ စကားစမြည်ပြောဆိုပါ။ ပြောစရာအကြောင်း များစွာရှိသည်။ နောက်ဆုံးထုတ်ကင်းမျှော်စင်များမှ အထူးစိတ်ဝင်စားစရာအကြောင်းများကို ဆွေးနွေးပါ။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ကြားသိရမည့် တာဝန်တစ်ခုခုအကြောင်း ပြောဆိုနိုင်သည်။ သင့်ဟောပြောချက်တွင် အသုံးပြုနိုင်မည့် အကြံဉာဏ်အသစ်များရရှိနိုင်မည်၊ သို့မဟုတ် တာဝန်ရထားသူအတွက် အကူအညီဖြစ်စေမည့်အကြံဉာဏ်များကို ပေးနိုင်မည်။ အမှုဆောင်အတွေ့အကြုံများ၊ သို့မဟုတ် တက်ခဲ့သောအစည်းအဝေးတွင်ပင် ကြားလိုက်သော စိတ်ဝင်စားဖွယ်ရာအကြောင်းတစ်ခုခုကို ပြောဆိုနိုင်သည်။ ဤသို့ပြောဆိုခြင်းသည် အမှန်တကယ်ပင် ဆောက်တည်မှုဖြစ်သည်။
၁၉ စည်းဝေးပွဲကြီးများတွင် ရေ၊ မြေ၊ ရပ်ခြားမှလာသော ညီအစ်ကိုများနှင့် ဆောက်တည်မှုပေးသောစကားများပြောဆိုခွင့် သာ၍ရရှိသည်။ စည်းဝေးရာအရပ်သို့သွားလာစဉ် သက်သေခံမြောက်မြားစွာတို့သည် စကားစမြည်ပြောဆိုတတ်ကြသည်။ စပြောဆိုနိုင်သည့်နည်းတစ်နည်းမှာ မိမိနာမည်ကိုပြောပြပြီး သူ့နာမည်ကို မေးခြင်းဖြစ်သည်။ သူသည် မည်သို့သက်သေခံဖြစ်လာကြောင်း မေးမြန်းနိုင်သည်။ ယင်းသို့အားဖြင့် ပျော်ရွှင်အားရစရာ စကားပြောဆိုမှုမျိုး ဖြစ်စေသည်။
၂၀ လယ်ကွင်းဓမ္မအမှုသို့အသွား ဆောက်တည်မှုပေးသောစကားများ ပြောဆိုခွင့်ရရှိသည်။ အကျိုးမရှိသောစကားများကို ပြောဆိုမည့်အစား ရပ်ကွက်နေ အိမ်ရှင်များထံ မည်သို့ချဉ်းကပ်မည်၊ သို့မဟုတ် သူတို့ပြောလေ့ပြောထရှိသောအကြောင်းများ၊ သို့မဟုတ် ကန့်ကွက်စကားများကို မည်သို့တုံ့ပြန်မည်အကြောင်း ဆွေးနွေးနိုင်သည်။ ဤအချိန်အခါမျိုးတွင် ဝိညာဉ်ရေးအကြောင်း စဉ်းစားပြောဆိုခြင်းသည် အလွန်လျောက်ပတ်သင့်တော်ပေသည်။—ဖိ. ၄:၈၊ ၉။
၂၁–၂၄။ အုပ်စုတစ်စုသည် ဆောက်တည်မှုမပေးသောစကား ပြောဆိုနေကြလျှင် ကိုယ်ကိုယ်တိုင် ယင်းကို မည်သို့ပြုလုပ်နိုင်သနည်း။
၂၁ ညီအစ်ကိုညီအစ်မများသည် ရည်ရွယ်ချက်မရှိ၊ တည်ဆောက်မှုမပေးသော ထွေရာလေးပါးတို့ကို ပြောဆိုနေစဉ် သင်ရှိနေလျှင် ဘာလုပ်နိုင်မည်နည်း။ ပိုအကျိုးရှိသောအကြောင်းများကို ပြောဆိုကြရန် ဖန်တီပေးဖို့ မေးခွန်းတစ်ခုမေးလိုက်ပါ။ စကားစပြီး အကြောင်းတစ်ခုခုကိုပြောကာ ယင်းနှင့်ပတ်သက်သောမေးခွန်းများ မေးလိုက်ပါ။ ယင်းကို ပါဝင်ပြောဆိုသူများသည် တစ်ယောက်တစ်ခွန်းပြောဆိုဆွေးနွေးကြခြင်းဖြင့် အကျိုးပိုရှိစေမည်။
၂၂ ခရစ်ယာန်အသင်းတော်ရှိ အခြားအသင်းသားများအကြောင်းဆွေးနွေးသည့်အခါ ဆောက်တည်မှုပေးမည့်အစား မလေးမစားနှင့် ကဲ့ရဲ့ပြစ်တင်စရာစကားများမပြောမိရန် သတိပြုပါ။ တစ်ဦးတစ်ယောက်က အခြားတစ်ဦး၏ အားနည်းချက်များအကြောင်း စပြောဆိုလျှင် ဆောက်တည်မှုဖြစ်သောစကားများဘက်သို့ ဦးတည်ပေးမည့်ရဲစွမ်းသတ္တိရှိသလော။ ယေဟောဝါအဖွဲ့အစည်းကိုသစ္စာရှိစွာဖြင့် အသင်းသားတစ်ဦးကို ကာကွယ်ပေးမည်လော။ အသေးအဖွဲသာဟု တစ်ဦးကပြောသော်လည်း ကျွန်ုပ်တို့သတိရသင့်သည်ကား အမှန်အားဖြင့် ဘုရားသခင်၏ဆက်ကပ်အပ်နှံကျေးကျွန်တစ်ဦးကို အပြစ်ရှာခြင်းသည် ဘုရားသခင်၏အစီအစဉ်ကို အပြစ်တင်ခြင်းနှင့်မထူးခြားပေ!—ယာ. ၅:၉; ၂ ကော. ၁၀:၅။
၂၃ တစ်ခါတစ်ရံ ပျော်ရွှင်ဖွယ်ရာများ ပြောဆိုခြင်းသည် စိတ်ပေါ့ပါးလန်းဆန်းစေသည်။ အကျိုးလည်းပြုတတ်သည်။ သို့ရာတွင် ခရစ်ယာန်ဓမ္မအမှုဆောင်များနှင့် မသင့်တော်သောစကားများကို သတိနှင့် ရှောင်ဖို့လိုသည်။ ကျမ်းစာသြဝါဒကို စွဲမှတ်ထားသင့်သည်– “မတရားသောမေထုန်၌ မှီဝဲခြင်း၊ အမျိုးမျိုးသောကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း စကားဖြင့်မျှ မဆက်ဆံကြနှင့်။ မတော်မလျော်သောညစ်ညူးပျက်ပြယ် ပြက်ရယ်သောစကားများကိုလည်းပယ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းစကားကိုသုံးကြလော့။”—ဧ. ၅:၃၊ ၄။
၂၄ ထို့ကြောင့် ယေဟောဝါ၏ဓမ္မအမှုဆောင်များအနေနှင့် ကျွန်ုပ်တို့၏အပြောအဆိုသည် ဘုရားသခင်ကို အမြဲချီးမွမ်းဖွယ်ဖြစ်စေကြစို့။ ဤသို့ပြုခြင်းအားဖြင့် တမန်တော်ပေါလုမှတ်တမ်းတင်ထားသည့် ဩဝါဒစကားကို လိုက်နာကျင့်သုံးရာကျမည်– “ငါတို့ရှိသမျှသည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကိုထောက်၍ သူ့ကိုတည်ဆောက်စေခြင်းငှာ သူ၏အလိုသို့လိုက်ကြကုန်အံ့။”—ရော. ၁၅:၂။