မိုးလေဝသအကြောင်းပြောကြ
သင်မည်သည့်အရပ်တွင်နေနေ၊ မည်သူဖြစ်ဖြစ် သင့်အသက်တာအပေါ် မိုးလေဝသက အကျိုးသက်ရောက်နေမည်သာ။ ပူအိုက်ပြီး နေသာသည့်နေ့ဖြစ်မည့်ပုံရှိလျှင် အဝတ်ပါးပါးဝတ်ဆင်မည်သာ။ အေးမည်ဆိုလျှင် ကုတ်အင်္ကျီနှင့် ဦးထုပ်တို့ကို ဆွဲဝတ်လိုက်မည်ဖြစ်သည်။ မိုးရွာလျှင်ကော။ ထီးယူလိုက်မည်။
မိုးလေဝသကြောင့် စိတ်ကြည်နူးရသည့်အချိန်လည်းရှိသည်; စိတ်ညစ်ရသည့်အချိန်လည်းရှိသည်။ တစ်ခါတစ်ရံတွင် ဟာရီကိန်းမုန်တိုင်းများ၊ လေဆင်နှာမောင်းများ၊ မိုးခေါင်မှုများ၊ နှင်းမုန်တိုင်းများ သို့မဟုတ် မုတ်သုန်မိုးများအသွင်ဖြင့် လူသတ်ကောင်လည်းဖြစ်လာတတ်လေသည်။ ချစ်ချင်ချစ်၊ မုန်းချင်မုန်း၊ အပြစ်တင်ချင်တင်၊ ဂရုမစိုက်ဘဲနေချင်နေ၊ မိုးလေဝသကမူ ရှိနေမြဲ၊ မွေးနေ့မှသည် သေနေ့တိုင် ကျွန်ုပ်တို့၏အသက်တာအပေါ် ဩဇာသက်ရောက်နေဆဲပင်။
တစ်ချိန်တွင် လူတစ်ဦးက ဤသို့ဟာသဖောက်လိုက်သည်– “မိုးလေဝသအကြောင်းတော့ ပြောလိုက်ကြတာ၊ သူ့အတွက် ဘာမှတော့ မလုပ်ပေးကြဘူး။” မှန်ပါသည်။ မိုးလေဝသကို တစ်နည်းနည်းဖြင့် ပြောင်းလဲနိုင်စွမ်း ကျွန်ုပ်တို့တွင် မရှိဟု အမြဲထင်မြင်ရမည့်ပုံပင်။ သို့သော် ယင်းကို လက်မခံတော့သည့် သိပ္ပံပညာရှင် များသည်ထက်များလာသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အခြားဓာတ်ငွေ့များကို လေထုထဲ မှုတ်ထုတ်ခြင်းက ကြာရှည်တည်ရှိလာခဲ့သော မိုးလေဝသပုံစံဖြစ်သည့် ရာသီဥတုကို ပြောင်းသွားစေသည်ဟု သူတို့ကဆိုသည်။
ကျွမ်းကျင်သူများအဆိုအရ ယင်းပြောင်းလဲသွားရသည့် သဘောသဘာဝကား အဘယ်နည်း။ ရာသီဥတုအပြောင်းအလဲဆိုင်ရာ အစိုးရချင်းဆွေးနွေးရေးအဖွဲ့ (အိုင်ပီပီစီ) မှလာသည့်အဖြေ အခိုင်လုံဆုံးဖြစ်နိုင်သည်။ ယင်းအဖြေကို နိုင်ငံပေါင်း ၈၀ မှ မိုးလေဝသပညာရှင်၊ စီးပွားရေးပညာရှင်၊ အန္တရာယ်အထူးပြုဆန်းစစ်လေ့လာသူ ၂,၅၀၀ ကျော်၏ ကျွမ်းကျင်သောအဆိုပြုချက်မှ ထုတ်နုတ်ယူထားသည်။ သူတို့၏ ၁၉၉၅ ခုနှစ်သတင်းတွင် ကမ္ဘာ့ရာသီဥတုသည် သာ၍ပူနွေးလာသည်ဟု အိုင်ပီပီစီက ကောက်ချက်ချသည်။ လာမည့်ရာစုတွင် ဤအတိုင်းဆက်သွားနေလျှင် အပူချိန်မှာ ၆.၃ ဒီဂရီဖာရင်ဟိုက်အထိ တိုးလာနိုင်သည်။
အပူဒီဂရီအနည်းငယ်ထပ်တိုးလာခြင်းသည် အလွန်အမင်းစိုးရိမ်စရာမရှိဟုထင်ရသော်လည်း ကမ္ဘာ့ရာသီဥတုတွင် အနည်းငယ်မျှသောအပူချိန်အပြောင်းအလဲက ဒုက္ခရောက်စေနိုင်သည်။ အောက်ပါတို့မှာ လာမည့်ရာစုနှစ်အတွက် လူအများ၏ ကြိုတင်ခန့်မှန်းချက်ဖြစ်သည်။
ဒေသတွင်း ရာသီဥတုလွန်ကဲမှုများဖြစ်မည်။ အချို့ဒေသများတွင် ကြာရှည်စွာမိုးခေါင်မှုဖြစ်နေစဉ် အခြားဒေသများတွင်မူ အကြီးအကျယ် မိုးရွာသွန်းမှုဖြစ်နေနိုင်သည်။ မုန်တိုင်းများနှင့် ရေလွှမ်းမိုးမှုများ ပို၍ပြင်းထန်လာနိုင်သည်; ဟာရီကိန်းမုန်တိုင်းများကြောင့်လည်း ပို၍အပျက်အစီးများလာနိုင်သည်။ ရေလွှမ်းမိုးဘေးနှင့် အစာငတ်ဘေးတို့ကြောင့် သန်းနှင့်ချီပြီး အသက်ဆုံးသွားပြီဖြစ်သော်လည်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် သေဆုံးသူအရေအတွက် သာ၍များများလာနိုင်သည်။
ကျန်းမာရေးထိခိုက်မှုသာ၍တိုးများလာမည်။ အပူဒဏ်နှင့်ဆက်နွှယ်သည့်အဖျားအနာနှင့် သေဆုံးမှုတို့သည် အကြီးအကျယ်များလာနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အဆိုအရ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးတို့ကဲ့သို့သော အပူပိုင်းဒေသတွင်ဖြစ်တတ်သည့် ရောဂါများကိုသယ်ဆောင်ပေးသည့် အင်းဆက်ပိုးများ၏ကျက်စားရာနယ် ကျယ်လာနိုင်သည်။ ထို့အပြင် ဒေသအလိုက် မိုးရွာသွန်းမှုနှင့် နှင်းကျမှု အပြောင်းအလဲကြောင့် ရေသန့်ရရှိမှုနည်းပါးလာခြင်းက ရေနှင့် အစားအစာများပေါ်တွင်ပေါက်ပွားတတ်သည့် ရောဂါပိုးနှင့် ကပ်ပါးပိုးအချို့ တိုးများလာစေနိုင်သည်။
သဘာဝဇာတိမြေများဘေးသင့်။ ကျွန်ုပ်တို့ရရှိသည့် လေနှင့်ရေကို စစ်ထုတ်ပေးသည့် သစ်တောများနှင့် စွတ်စိုမြေများသည် ပူနွေးလာသောအပူချိန်နှင့် မိုးရွာသွန်းမှုအပြောင်းအလဲများကြောင့် ဘေးသင့်နိုင်သည်။ တောမီးလောင်မှု ပို၍အကြိမ်များလာပြီး ပို၍ပြင်းထန်လာနိုင်သည်။
ပင်လယ်ရေပြင်မြင့်တက်လာခြင်း။ အနိမ့်ပိုင်းကမ်းရိုးတန်းဒေသများတွင်နေထိုင်သူများသည် ပင်လယ်ကိုထိန်းချုပ်ရန် အကုန်အကျခံကာ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်းမရှိလျှင် မဖြစ်မနေပြောင်းရွှေ့ကြရမည်ဖြစ်သည်။ အချို့ကျွန်းများသည် ရေထဲတွင်လုံးဝနစ်မြှုပ်သွားမည်။
ဤစိုးရိမ်ပူပန်စရာများသည် ပူပန်ထိုက်၏လော။ ကမ္ဘာ့ရာသီဥတုသည် သာ၍ပူနွေးလာသလော။ သို့ဖြစ်လျှင် လူသားများကို အပြစ်တင်ရမည်လော။ အကြီးအကျယ်ရင်လေးစရာဖြစ်နေရကား ကျွမ်းကျင်သူများသည် အဆိုပါမေးခွန်းများနှင့်ပတ်သက်၍ အကြီးအကျယ်အငြင်းပွားနေကြသည်မှာ အံ့ဩစရာမဟုတ်ပေ။ နောက်ဆောင်းပါးနှစ်ခုတွင် ပတ်သက်ဆက်နွှယ်သည့်ပြဿနာအချို့ကို စိစစ်သုံးသပ်ကာ ကျွန်ုပ်တို့ဂြိုဟ်၏အနာဂတ်ရေးအတွက် ပူပန်စရာလိုမလိုနှင့်ပတ်သက်သည့်အမေးကို ဖြေရှင်းထားသည်။