အဲမရန့်သ် ဟင်းနုနယ်—အက်ဇ်တက်စ်လူမျိုးများ၏ အစားအစာ
မက္ကစီကိုမှ နိုးလော့! သတင်းထောက်ပေးပို့သည်
“ရွှင်လန်းခြင်း” သို့မဟုတ် “ပျော်ရွှင်ခြင်း” ဟုပြန်ဆိုထားသည့် စပိန်ဘာသာအားဖြင့် အာဂျီရီယား အမည်ရှိ အာဟာရရှိသောသကြားလုံးကို မက္ကစီကန်လူမျိုးများ၏အစားအသောက်ရောင်းသည့်ဈေးများရှိ အရောင်အသွေးစုံသော ရွက်ဖျင်ထိုးဈေးဆိုင်ငယ်များတွင် အများအားဖြင့်တွေ့ရှိရသည်။ ယင်းကို အနီရောင်တောက်သောပန်းများပွင့်သည့် အပူပိုင်းဒေသပေါက်ပင်ဖြစ်သော အဲမရန့်သ် (Amaranth) ဟင်းနုနယ်စေ့များမှပြုလုပ်ထားခြင်းဖြစ်သည်။ ယင်းသကြားလုံးကို သဘာဝပျားရည်ဖြင့်ပြုလုပ်ထားပြီး များသောအားဖြင့် သစ်ကြားသီးများ၊ ထင်းရှူးစေ့နှင့် စပျစ်သီးခြောက်များဖြင့်အလှဆင်ကြသည်။ အဲမရန့်သ်ဟင်းနုနယ်စေ့များကို ပေါင်မုန့်များနှင့် ကိတ်မုန့်များပြုလုပ်သည့် ကောက်နှံမှုန့် သို့မဟုတ် ဂျုံမုန့်များကဲ့သို့ဖြစ်အောင် အမှုန့်ကြိတ်နိုင်သည်။
အက်ဇ်တက်စ်လူမျိုးများသည် အဲမရန့်သ်ဟင်းနုနယ်စေ့အမှုန့်ဖြင့် တောသီးယပ်စ်မုန့်နှင့် တာမလဲစ်စားစရာတို့ကိုပြုလုပ်ကြသည်။ ထို့အပြင် အဲမရန့်သ်ဟင်းနုနယ်သည် သူတို့၏ဘာသာရေးအခမ်းအနားများတွင် အဓိကအပိုင်းမှပါဝင်သည်။ မက္ကစီကိုမြို့တော်၏ သည်နယူးစ်သတင်းစာတွင် ဤသို့ဆိုထားသည်– “သူတို့၏ဝတ်ပြုရေးအခမ်းအနားများမှတစ်ခုတွင် အက်ဇ်တက်စ်လူမျိုးများသည် အဲမရန့်သ်ဟင်းနုနယ်ပေါင်မုန့်အပိုင်းအစကို သူတို့ဖမ်းဆီးထားပြီး [ကွပ်မျက်ထားသည့်] သူတို့ရန်သူတစ်ဦး၏အသွေးတွင်နှစ်ကာ ယင်းကိုစားကြသည်။” နောက်ထပ်ဓလေ့ထုံးစံမှာ အဲမရန့်သ်ဟင်းနုနယ်စေ့အမှုန့်ကို ကောက်နှံမှုန့်၊ ပျားရည်တို့နှင့်ရောစပ်ပြီး ၎င်းရောစပ်ထားသည့်အရာဖြင့် အရုပ်ငယ်များ သို့မဟုတ် နတ်ဘုရားရုပ်များပြုလုပ်ကြသည်။ ကက်သလစ်တို့၏ မိတ်သဟာယဖွဲ့ပွဲတော်မင်္ဂလာကိုတုပသောအားဖြင့် နောက်ပိုင်းတွင် ဘာသာရေးအခမ်းအနားများ၌ ထိုအရုပ်များကို စားသုံးကြသည်။
ထိုထုံးတမ်းနှစ်ခုစလုံးသည် စပိန်စစ်အောင်နိုင်သူ အာနန် ကော်တက်ဘ်ကို တုန်လှုပ်ချောက်ချားစေခဲ့ရာ အဲမရန့်သ်ဟင်းနုနယ်စိုက်ပျိုးခြင်းနှင့် စားသုံးခြင်းတို့ကို ဥပဒေနှင့်ဆန့်ကျင်သောလုပ်ရပ်အဖြစ် ထုတ်ပြန်ခဲ့သည်။ သူ၏အမိန့်ကိုဖီဆန်ဝံ့သူမည်သူမဆို အသေသတ်ခြင်း သို့မဟုတ် လက်ဖြတ်ခြင်းကိုခံရသည်။ ထို့ကြောင့် ထိုစဉ်က မက္ကစီကိုရှိ အရေးအပါဆုံးကောက်ပဲသီးနှံဝင်တစ်ခုသည် ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့သည်။
သို့ရာတွင် အဲမရန့်သ်ဟင်းနုနယ်သည်ဆက်လက်တည်တံ့ခဲ့ပြီး ဗဟိုအမေရိကမှ ဟိမဝန္တာတောင်တန်းအထိ တစ်နည်းနည်းဖြင့် ပျံ့နှံ့ပေါက်ရောက်ခဲ့သည်။ လွန်ခဲ့သောရာစုနှစ်အတွင်းတွင် ယင်းသည် တရုတ်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်နှင့် တိဘက်ရှိတောင်တန်းဒေသတွင်နေထိုင်သောလူမျိုးများ၏ အဓိကအစာဖြစ်လာခဲ့သည်။
မက္ကစီကိုတွင် သုတေသီများသည် အစေ့တွင်ရှိသောပရိုတိန်းဓာတ်ကို သီးခြားခွဲထုတ်ကာ နွားနို့နှင့်အာဟာရတူသည့်ဖျော်ရည်ကို အဲမရန့်သ်ဟင်းနုနယ်မှထုတ်လုပ်ရန် မကြာသေးမီက ကြိုးစားလျက်ရှိကြသည်။ သူတို့၏ရည်မှန်းချက်မှာ ကြက်ဥ၊ နွားနို့၊ ငါး သို့မဟုတ် အမဲသားများကို မဝယ်နိုင်သူများအတွက် အာဟာရဓာတ်ကြွယ်ဝသောအစားအစာများနှင့် ဖျော်ရည်များအဖြစ် အသုံးပြုရန်ဖြစ်သည်။
အဲမရန့်သ်ဟင်းနုနယ်၏ မုန်တိုင်းထန်သောသမိုင်းမှတ်တမ်းရှိသည့်ကြားမှ ဤစွယ်စုံရပြီး အာဟာရရှိသည့်အစားအစာဖြင့် ယခုခေတ်များစွာသောလူများသည် အရသာတွေ့နေကြဆဲဖြစ်သည်။