ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၄/၈ စာ. ၂၀-၂၁
  • တန်ဇန်းနီးယားမှ ညဆုံစည်းမှုတစ်ရပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တန်ဇန်းနီးယားမှ ညဆုံစည်းမှုတစ်ရပ်
  • နိုးလော့!—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျားသစ်—ပုန်းလျှိုးကွယ်လျှိုးနေတတ်သော ကြောင်မျိုးရင်းဝင်
    နိုးလော့!—၁၉၉၇
  • မတိုင်မီနှင့် ပြီးနောက် ကျမ်းစာမူများက ပြောင်းလဲစေခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နိုးလော့!—၁၉၉၇
န၉၇ ၄/၈ စာ. ၂၀-၂၁

တန်ဇန်းနီးယားမှ ညဆုံစည်းမှုတစ်ရပ်

ကင်ညာနိုင်ငံတွင် ယေဟောဝါသက်သေများ၏ အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးကို တက်ရောက်ပြီးနောက် ကျွန်တော်တို့သည် တန်ဇန်းနီးယားနိုင်ငံတွင်းသို့ ကိုယ်ပိုင်အစီအစဉ်ဖြင့် ဓာတ်ပုံရိုက်ကူးရန် စိတ်လှုပ်ရှားဖွယ်ကောင်းသောခရီးကို စတင်ခဲ့ကြသည်။

ကျွန်တော်တို့ပထမဆုံး ရပ်နားသည့်စခန်းမှာ မန်ညာရာရေအိုင်အမျိုးသားဥယျာဉ် ဖြစ်ပါသည်။ ကျွန်တော်တို့သည် မျောက်ပြာ၊ တောဆိတ်၊ ကျွဲရိုင်း၊ မြင်းကျားများနှင့် အခြားအခြားသော အမျိုးအမည်များပြားလှသည့် တောရိုင်းတိရစ္ဆာန်များကို အံ့မခန်းဖွယ်တွေ့မြင်ရကြသည်။ ရေမြင်းများအနှံ့အပြားရှိသောရေအိုင်တစ်ခုကို ငေးမောကြည့်နေသည်ဟု စိတ်ကူးကြည့်လိုက်ပါ။ အခြားတစ်ဖက်တွင် သစ်ကုလားအုတ်တစ်ကောင်က အစာစားနေသည်၊ ခပ်လှမ်းလှမ်းမှမြက်ခင်းပြင်တွင် ခြင်္သေ့တစ်ကောင်ရှိပြီး ထိုထက်ဝေးသည့်နေရာတွင် မြင်းဒရယ် (wildebeests) တစ်အုပ်ရှိနေသည်ကို ကြည့်နေသည်ဟု မိမိကိုယ်ကို မြင်ယောင်ကြည့်လိုက်ပါ။

အင်ဂိုရွန်ဂိုရို မီးတောင်ထိပ်ဝသို့ဆိုက်ရောက်ပြီးနောက် တစ်ရက်ခရီးစဉ်အတွက် လမ်းပြတစ်ဦးနှင့် လေးဘီးယက်ကားတစ်စင်းကိုငှား၍ မီးတောင်ထိပ်ဝဆီသို့ ထွက်ခွာခဲ့ကြသည်။ မီးတောင်ထိပ်ဝနှုတ်ခမ်းမှနေ၍ မညီညာသောလမ်းအတိုင်း ပေ ၂,၀၀၀ ခန့်ဆင်းသွားပြီးနောက် မီးတောင်ထိပ်ဝ၏အောက်ခြေသို့ ရောက်ရှိကြသည်။ ရင်သပ်ရှုမောဖွယ်ကောင်းလှသော ရှုခင်းပါတကား! ကျယ်ပြောလှသည့်လွင်ပြင်တစ်လွှား တောရိုင်းတိရစ္ဆာန်များကို နေရာအနှံ့တွေ့ရှိရသည်။ မြင်းဒရယ်အုပ်များက နေရာပြောင်းရွှေ့သကဲ့သို့ သွားလာနေကြသည်။ မြင်းကျားများ၊ ဟတ်တဘီးစ်ထ်ဒရယ်များ၊ သောမ်ဆင်နှင့်ဂရန့်ဒရယ်များ ပေါများလှသည်။ ကျွန်တော်တို့ရပ်နားသည့်ခရီးတစ်ထောက်တွင် လည်ဆံမွေးရှိသောခြင်္သေ့တစ်ကောင်က ကျွန်တော်တို့၏ကားအရိပ်တွင် လာရောက်အနားယူသည်။ အပေါ်တည့်တည့်မှ ကျွန်တော်တို့သူ့ကိုကြည့်နေသည်ကို သူလုံးဝမသိပါ။ ၎င်းနောက် ကျွန်တော်တို့သည် ခပ်လှမ်းလှမ်းတွင်ရှိသော ကြံ့နက်များနှင့် အနီးအနားမှ သစ်ရွက်စားနေကြသည့် ဆင်ရိုင်းများကိုကြည့်ရှုရန် ခေတ္တရပ်နားကြသည်။မီးတောင်ထိပ်ဝနှုတ်ခမ်းသို့ ကားကိုပြန်မောင်းလာစဉ် တွေ့မြင်ခဲ့သည့် စွဲမက်ဖွယ်ကောင်းသောတိရစ္ဆာန်များကို ပြန်၍ရေတွက်ကြည့်မိသည်။ မတွေ့ခဲ့ရသောတိရစ္ဆာန်တစ်မျိုးမျိုး ကျန်ရှိသေးသလော။

ရှိပါသည်၊ အာဖရိကကျားသစ်ဖြစ်ပါသည်။ သို့သော် ကျားသစ်တစ်ကောင်ကို အရိုင်းဓလေ့အတိုင်း တွေ့ မြင်ဖို့ဆိုသည်မှာ လုံးလုံးစိတ်ကူးယဉ်ဆန်လှသည်။ “ကမ္ဘာလှည့်ခရီးသည်များသည် အလွန်စိတ်အားထက်သန်စွာနှင့် ဝီရိယကြီးစွာဖြင့် ကျားသစ်များကို ခြေရာခံလိုက်ကြသည်။ အကြောင်းရင်းတစ်စိတ်တစ်ဒေသမှာ ကျားသစ်သည် ဓာတ်ပုံရိုက်ရန်မဆိုထားနှင့် တွေ့မြင်ရန်ပင် အလွန့်အလွန်ခဲယဉ်းလှသောကြောင့်ဖြစ်သည်။ ပုံမှန်ဓာတ်ပုံရိုက်ခရီးစဉ်တွင် လိုက်ပါသူအများသည် ကျားသစ်တစ်ကောင်တစ်မြီး၏ အရိပ်အယောင်ကိုမျှ မတွေ့ မြင်ရချေ။ ကျွန်ုပ်၏ခရီးစဉ် ၁၅ ခေါက်အတွင်း ကျားသစ်ကို ရှစ်ကြိမ်တွေ့ ဖူးသော်လည်း တစ်ကြိမ်သာ ဓာတ်ပုံရိုက်နိုင်လောက်အောင် အနီးကပ်မြင်ရသည်” ဟူ၍ ဓာတ်ပုံဆရာ အာဝင် ဘောင်အာက ရေးသားဖော်ပြထားသည်။—International Wildlife.

မိုးချုပ်လာသည့်အခါ ကျွန်တော်တို့၏စိတ်ထဲ၌ ကိစ္စတစ်ခုအတွက်ဗျာများနေကြသည်။ တည်းခိုခန်းတစ်ခုတွင် ကြိုတင်မှာထားသည့်အခန်းကို ပယ်ဖျက်ပြီးဖြစ်သဖြင့် တည်းခိုစရာနေရာရှာရတော့မည်။ သို့နှင့် ပိန်းပိတ်အောင်မည်းမှောင်နေသည့် အမှောင်ထုအတွင်း မြေနီလမ်းတစ်ခုအတိုင်း ကျွန်တော်တို့ကားကိုမောင်းသွားနေသည်။ ရှေ့ခန်းတွင်ထိုင်နေကြသည့် ကျွန်တော်တို့နှစ်ယောက်သည် ရုတ်တရက်လန့်ဖျပ်သွားကြသည်။ မှုန်ဝါးဝါးအညိုရောင်အရာတစ်ခုက ကားရှေ့မီးအလင်းထဲသို့ ခုန်ဝင်လာသည်။ ကျွန်တော်တို့ကားကိုချက်ချင်းရပ်လိုက်ပြီး အံ့သြစွာဖြင့် ပင့်သက်ရှိုက်မိကြသည်။

ကျွန်တော်တို့ရှေ့တည့်တည့်တွင် ကျားသစ်ကြီးတစ်ကောင် ရောက်ရှိနေသည်! နောက်ခန်းတွင်ထိုင်နေသူတို့အနေဖြင့် အခွင့်အရေးတစ်ရပ် လက်လွတ်သွားပြီဟုယူဆပါက ထိုယူဆချက်သည် တဒင်္ဂအတွင်းပျောက်လွင့်သွားပေမည်။ ကျားသစ်သည် လမ်း၏လက်ယာဘက်သို့ တစ်ဟုန်ထိုးပြေးသွားပြီးနောက် ကျောက်ရုပ်တစ်ရုပ်ပမာ မလှုပ်မယှက်ရပ်နေလိုက်သည်။ မီးရောင်အောက်တွင် ကျွန်တော်တို့ကိုစိုက်ကြည့်နေသည့်ပုံက ‘ငါဘာလုပ်ရမလဲ၊ တိုက်ခိုက်ရမလား၊ ဒါမှမဟုတ် ဘယ်ကမှန်းမသိတဲ့ဒီ “ရန်သူ” ကိုကျောခိုင်းပြီး ချုံထဲကိုပြေးဝင်ရကောင်းမလား’ ဟူ၍ စဉ်းစားနေဟန်တူသည်။

ကျွန်တော်တို့၏အဖော်တစ်ယောက်ဖြစ်သူ အေဒရီယန်သည် စွမ်းအားအပြည့်နှင့် ခုန်လွှားနိုင်သည့် လှပသောထိုသတ္တဝါနှင့်ဆိုလျှင် သုံးလေးပေလောက်သာ ကွာဝေးသဖြင့် အနီးဆုံးသူဖြစ်သည်။ သူသည် သူ၏အော်တိုမက်တစ်ကင်မရာကို ဆတ်ခနဲဆွဲယူရင်းနှင့် “ဖလပ်ရှ်မီး မြန်မြန်လေး” ဟူ၍ တိုးတိုးလေးပြောလိုက်သည်။ “အသံမထွက်စေနဲ့” ဟူသော အနောက်ခုံမှ သတိပေးသံတိုးတိုးကို ကြားလိုက်ရသည်။ ကင်မရာကိုလျင်မြန်စွာချိန်ပြီး တစ်ပုံရိုက်လိုက်သော်လည်း ဖလပ်ရှ်မီးအလင်းက တံခါးမှန်မှကားအတွင်းသို့ အလင်းပြန်မှုကြောင့် ဓာတ်ပုံပျက်သွားသည်ဟု ယူဆရသည်။ သို့နှင့် ကင်မရာအတွင်းမှဓာတ်ခဲများ အားပြန်ဝင်နေစဉ် အေဒရီယန်က သူ့ဘက်မှပြတင်းပေါက်မှန်ကို အောက်သို့အသာလေးချလိုက်သည်။ ကျားသစ်သည် လက်တစ်ကမ်းအကွာ၌ပင် ဆက်၍ရပ်နေကာ အမြီးဖျား တဆတ်ဆတ်လှုပ်လျက်၊ မျက်လုံးများဝင်းလက်လျက်နေသည်။

ဒုတိယပုံရိုက်၍ ပြီးလျှင်ပြီးချင်း ကျားသစ်ကလည်း ဘာလုပ်ရမည်ကိုဆုံးဖြတ်ပြီးဖြစ်သည်။ ခန့်ညားတင့်တယ်သောထိုကျားသစ်သည် ချုံနွယ်ပိတ်ပေါင်းအတွင်းသို့ ခုန်လွှားဝင်ရောက်ပျောက်ကွယ်သွားလေသည်။ ကျွန်တော်တို့၏ကားထဲ၌မူ စိတ်လှုပ်ရှားပျော်ရွှင်မှုများ ကျန်ရစ်ခဲ့သည်။ တစ်သက်မမေ့နိုင်သော အတွေ့အကြုံတစ်ခုပင်။ ဤသို့သောအတွေ့အကြုံမျိုးသည် အလွန်ကြုံတောင့်ကြုံခဲလှသည်ဟု လမ်းပြများကပြောကြသည်။ ဒုတိယပုံ ကြည်လင်ပြတ်သားစွာထွက်လာသည့်အခါ တန်ဇန်းနီးယားနိုင်ငံတွင် သည်းထိတ်ရင်ဖိုဖွယ်ကောင်းသော ထိုတစ်ည၏ဆုံစည်းမှုကို ပို၍ပို၍ မှတ်မှတ်ရရ ဖြစ်စေပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ