ဖြည်းဖြည်းမှန်မှန်ပြေးခြင်းကို မွေ့လျော်ပါ—ဘေးအန္တရာယ်ကို သတိထားပါ!
အသက် ၁၈ နှစ် လူငယ်တစ်ဦးသည် “၎င်း၏ အလွန်ပြေးလိုသည့်ဆန္ဒ ပြည့်ဝရေးအတွက် ပို၍ပို၍ရှည်လျားသည့်ခရီးကိုပြေးရန်” လိုအပ်ကြောင်း ဂျာမန်သတင်းစာ Süddeutsche Zeitung ကရေးသားဖော်ပြသည်။ သူသည် နံနက် ၂:၀၀ နာရီနှင့် နံနက် ၆:၀၀ နာရီတို့တွင် အိပ်ရာမှထ၍ “၂၄ ကီလိုမီတာခရီးကိုပြေးပြီးနောက် အိပ်ရာပြန်ဝင်၍ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည်။” ဤဖြစ်ရပ်မျိုးသည် တစ်မူထူးခြားသောဖြစ်ရပ် မဟုတ်ပါ။ အကြောင်းမှာ ဒေသအသီးသီးမှ သုတေသနသိပ္ပံပညာရှင်များသည် ယခုအခါ အင်ဒိုဖင်း (endorphin) အကျင့်စွဲနေကြသော ဖြည်းဖြည်းမှန်မှန်ပြေးသူတို့ကို လေ့လာနေကြ၍ဖြစ်သည်။ ဤကဲ့သို့သောစွဲလမ်းမှုမျိုး မည်သို့ဖြစ်ပေါ်လာသနည်း။
ကိုယ်ခန္ဓာကို ကြာရှည်စွာအဆက်မပြတ် ခွန်အားစိုက်ထုတ်စေမည်ဆိုပါက ကြွက်သားနာဗ်ကြောများ၌ အင်ဒိုဖင်းဖြစ်တည်လာကြောင်း သုတေသီတို့ကတွေ့ရှိခဲ့ကြသည်။ အင်ဒိုဖင်းဆိုသည်မှာ လူတစ်ဦး၌ ကျန်းခံ့သည်ဟူသောခံစားချက်ကို ဖြစ်ပေါ်စေသည့် (ကိုယ်တွင်းမှဖြစ်ပေါ်သော) ထိုင်းမှိုင်းဆေးများ (endogenous opiates) ဖြစ်ပြီး ဖြည်းဖြည်းမှန်မှန်မပြေးလျှင် မနေနိုင်သူတို့၌ တစ်ခါတစ်ရံ ပီတိစိတ်ကိုဖြစ်ပေါ်စေသည်။ “မော်ဖင်းပါသော ၎င်းဓာတ်ပစ္စည်းများ စွဲစေတတ်ခြင်းရှိမရှိဆိုသောကိစ္စသည် ကြာမြင့်စွာအငြင်းပွားခဲ့ရသောကိစ္စဖြစ်သည်။ ယခုအခါတွင် စွဲစေတတ်ကြောင်း သက်သေထူခဲ့လေပြီ” ဟူ၍ အပြည်ပြည်ဆိုင်ရာ အားကစားဆေးဝါးလေ့လာရေး အဖွဲ့တစ်ဖွဲ့၏ဥက္ကဋ္ဌဖြစ်သူ ဝီလ်ဒေါရ် ဟောလ်မန်းကဆိုသည်။ ထို့ကြောင့် အလွန့်အလွန်ရှည်လျားသည့် ခရီးကိုပြေးခြင်း၊ သို့မဟုတ် ဖြည်းဖြည်းမှန်မှန်ပြေးခြင်း၌ ဝမ်းတွင်းပါဘေးအန္တရာယ် ရှိပုံရသည်။ အလွန့်အလွန်အားစိုက်ရသော မည်သည့်အားကစား၌မဆို ဤအတိုင်းပင်ဖြစ်သည်မှာ ဆိုဖွယ်မရှိပေ။
အပြင်းအထန်ပြုလုပ်ရသော အဆင့်မြင့်အားကစားလှုပ်ရှားမှုများသည် အခြားကျန်းမာရေးအန္တရာယ်များကို ဖြစ်စေနိုင်သလော။ ဖြစ်စေနိုင်ပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂,၅၀၀ ခန့်က မာရသွန်အရပ်မှ အေသင်မြို့သို့ပြေးခဲ့ရသည့် ဂရိဆက်သားပုံပြင်ကို သင်မှတ်မိပေမည်။ ဒဏ္ဍာရီပုံပြင်အရ ထိုသူသည် ဂရိတို့ကပါရှန်တို့အပေါ် အောင်ပွဲခံလိုက်သည့်သတင်းကို အေသင်မြို့သို့သယ်ဆောင်ရောက်ရှိပြီးနောက် လဲကျသေဆုံးသွားသည်။ သုတေသီတို့က ထိုသူ၏ကြွက်သားထဲမှ အင်ဒိုဖင်းဓာတ်ကြောင့် ထိုသို့ဖြစ်ရသည်ဟုယူဆကြသည်။ အင်ဒိုဖင်းဓာတ်သည် နာကျင်မှုအာရုံခံကို နိမ့်ကျစေသောကြောင့် ခွန်အားစိုက်ရသောလှုပ်ရှားမှုကို အချိန်ကြာမြင့်စွာပြုလုပ်ခြင်းသည် ရုတ်တရက်နှလုံးရပ်၍ သေဆုံးစေနိုင်သည်ဟု သူတို့ကဆိုကြသည်။ သာဓကအားဖြင့် သာမန်အခြေအနေမျိုးတွင် အပြေးသမားတစ်ဦးသည် ရင်ဘတ်အပြင်းအထန် အောင့်လာသည့်အခါ အပြေးကိုရပ်လိုက်မည်ဖြစ်သည်။ ကျွမ်းကျင်သူတို့၏အလိုအရ ဤသို့ရပ်လိုက်ခြင်းဖြင့် အများအားဖြင့် နှလုံးကိုပုံမှန်အတိုင်း ပြန်၍ခုန်လာစေသည်။ သို့သော် ကာယခွန်အားကို အလွန့်အလွန်စိုက်ထုတ်ရသည့်အခါမျိုး၌ အင်ဒိုဖင်းဓာတ်က နာကျင်မှုအာရုံခံကို လျှော့ချလိုက်သဖြင့် ကိုယ်ခန္ဓာကပို့လိုက်သည့် အချက်ပြများကို အပြေးသမားက မသိရှိနိုင်ဘဲဖြစ်သွားသည်။ ဤသို့ဖြင့် ကြေကွဲဖွယ်ကောင်းသောဆိုးကျိုး ဆိုက်ရောက်စေနိုင်သည်။
အခြားတစ်ဖက်တွင်မူ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို မျှမျှတတပြုလုပ်ခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်သည့်အပြင် ထိုအချိန်မျိုးတွင်ထွက်ရှိသော အင်ဒိုဖင်းဓာတ်သည် အပေါင်းလက္ခဏာဆောင်သောအကျိုး သက်ရောက်မှုရှိပုံရသည်။ “ကျွန်မစိတ်ကိုထိန်းဖို့ အရင်က ဆေးတွေသောက်ခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ စိတ်တိုချင်လာပြီဆိုရင် ကျွန်မဖြည်းဖြည်းမှန်မှန် သွားပြေးလိုက်တယ်” ဟူ၍ ဖြည်းဖြည်းမှန်မှန်ပြေးခြင်းကို ပုံမှန်ပြုလုပ်သည့်အမျိုးသမီးတစ်ဦးက ရှင်းပြသည်။ သုတ်သုတ်လမ်းလျှောက်ခြင်း၊ သို့မဟုတ် ပြေးခြင်းသည် စိတ်ညှိုးငယ်ခြင်းကို ပျောက်ကင်းစေနိုင်ရန်၊ သို့တည်းမဟုတ် ယုတ်စွအဆုံး အောင်မြင်စွာကိုင်တွယ်ထိန်းချုပ်နိုင်ရန် အထောက်အကူပြုသည်။ ဤကဲ့သို့သောဖြစ်ရပ်များ၌ အင်ဒိုဖင်းသည် အရေးပါသောကဏ္ဍတွင် ပါဝင်ပုံရသည်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်းကို လွန်လွန်ကဲကဲ ပြုလုပ်သည့်အခါမျိုး၌သာ အန္တရာယ်ရှိတတ်သည်။—၁ တိမောသေ ၄:၈ နှိုင်းယှဉ်။